Home သတင်း ပုလောတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ်ကာလအတွင်း လျှပ်စစ်မီးဖြတ်တောက်ထား

ပုလောတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ်ကာလအတွင်း လျှပ်စစ်မီးဖြတ်တောက်ထား

597
Photo: CJ

အောက်တိုဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး သည့် ကာလများတွင် လျှပ်စစ်မီးဖြတ်တောက်မှုများ ပြုလုပ်နေကြောင်း ကျေးရွာရှိ ဒေသခံများက ပြောသည်။

ပုလောမြို့နယ်ရှိ မင်းထိန်ရွာ၊ မြဒေါင်ရွာ၊ လက္ကူးရွာ၊ မှော်ကြောင်းရွာ၊ ပပဝတ်ကုန်းရွာနှင့် ကဒဲရွာများ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်မှ စတင်ပြီး ၎င်းကျေး ရွာများသို့ တကျော့ပြန်စစ်ကြောင်းထိုးဝင်ရောက်မှုများလုပ်ဆောင်ရာတွင် လျှပ်စစ်မီး ဖြတ်တောက် ခံထားရကြောင်း ဒေသခံကျေးရွာသားတစ်ဦးက ပြောသည်။

၎င်းဒေသခံက “လျှပ်စစ်မီး မရတော့တာကြာပြီ။ ပုလောမြို့ဘက်မှာကျတော့ ဘာမီးမှမပျက်ဘူး။ သူတို့ က စစ်ကြောင်းထိုးပြီးဆိုတာနဲ့ မီးမပေးတော့ဘူး။ စစ်ရှောင်နေရာတွေမှာတော့ ဖယောင်း တိုင်မီးနဲ့ပဲ နေရတယ်။ အခုဆိုရင် ပုလောမြို့နယ်က ဂိတ်တွေမှာဆို ဖယောင်းတိုင် အများကြီးအရင်လို ဝယ်မရတာကြာပြီး။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီမှ လျှပ်စစ်မီးဖြတ်တောက်ထားသည့်အပြင် ဖယောင်းတိုင်ဝယ်ယူမှုကိုလည်း ကန့်သတ်ထားသောကြောင့် ဒေသခံစစ်ရှောင်များအနေဖြင့် ရေနံဆီ မီးခွက်များနှင့် (Sola) ဆိုလာပြား များကိုသာ အစားထိုး အသုံးပြုနေရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် လျှပ်စစ်မီးမရရှိသည်မှာ သုံးပတ် ကျော် ကာလအထိရောက်ရှိနေပြီး ပပဝတ်ကုန်းရွာနှင့် ကဒဲကျေးရွာရှိ ဒေသခံများအနေဖြင့် နီးစပ်ရာ နေရာများသို့ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရကြောင်း ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

၎င်းက“အဲ့ရွာမှာက ဘယ်သူမှ မနေကြတော့ဘူး။ စစ်တပ်က ဝင်လာတာနဲ့မီးရှို့တယ်၊ သတ်တယ် ဆိုတော့ အမြဲတမ်းစစ်ရှောင်ပဲ လုပ်လိုက်ကြတယ်။ ရွာမပြန်ရဲကြတော့ဘူး။ အဲ့လိုမီးပျက်တော့ အင် တာနက်ရော၊ ဖုန်းလိုင်းရော တခါတည်းပျက်တယ်။ သူတို့ စစ်ကြောင်းထိုးတာ သူများတွေ မသိ အောင်လို့ နုတ်ပိတ်တဲ့ သဘောပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ပုလောမြို့နယ်အတွင်းသို့ ဆန်နှင့် စက်သုံးဆီများကို အကန့်အသတ်ဖြင့် ဝယ်ယူ သယ်ဆောင်ခွင့်ပြုထားပြီး ပုလောမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် အင်အား ၄၀၀ ဝန်းကျင်ဖြင့် တပ်ဖြန့်ထားကာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်း မာလျက်ရှိကြောင်း စစ်ရေးသတင်းအခြေအနေနှင့် နီးစပ်လျက်ရှိသည့် ဒေသခံများ ပြောစကားအရ သိရသည်။