အောက်တိုဘာလ ၂၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် ကျုံဒိုးကျေးနယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မြဝတီ အာရှလမ်းသစ်၊ ကျုံဒိုး၊ ငါးတိုင်၊ ကျားကလေး၊ မော်လမြိုင်၊ ဖားအံလမ်းပိုင်းတစ်လျှောက် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း လမ်းပိတ်မိနေသည့် ဒေသခံများက ပြောသည်။
“အခုကတောင်ပေါ် အာရှလမ်းပိတ်ထားတယ်။ ကော့ကရိတ် ကော့နွဲ၊ ကိုးတိုင် ကြာအင်း၊ ကျုံဒိုး၊ ကျားကလေး၊ မော်လမြိုင်၊ ဖားအံလမ်းတွေ ဆက်ဆင်းလို့ မရတက်လို့လည်း မရသေးဘူး။ အခြေအနေက မသိရတော့ ရောက်တဲ့နေရာ လမ်းဘေးချရပ်ထားရတယ်။ စစ်တပ်တွေ၊ BGF တွေ ဆင်းလိုက်တက်လိုက် လုပ်နေတယ်။ လေယာဉ်လာပစ်မယ်လည်းကြားနေတော့ ဘာဆက်ဖြစ်မယ်မသိဘူး။” ဟု ကော့ကရိတ်မြို့အနီး ကားရပ်နားထားရသည့်ယာဉ်မောင်းတစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းကတည်းက ကော့ကရိတ်မြို့တွင်း၊ မြို့ပြင်နှင့် ကျုံဒိုးကျေးနယ်အနီးတစ်ဝိုက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ စရဖရုံးနှင့် ရဲသတင်းတပ်ဖွဲ့ရုံး မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း စစ်ရေးနယ်မြေသတင်းအရင်း အမြစ်များက ပြောသည်။
လက်ရှိတွင် ကော့ကရိတ် မြို့တွင်း၊ မြို့ပြင် နှစ်ဖက်တပ်ဖွဲ့များ ပစ်ခတ်မှု ဆက်ရှိနေသေးပြီး စစ်ကောင်စီတပ်ဖက်မှ သေဆုံးသူ၊ အရှင်ဖမ်းမိထားသူနှင့် စစ်ကောင်စီစစ်ကတုတ်များထဲမှ လက်နက်ခဲယမ်းသိမ်း ဆည်းရမိထားကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များထံမှသိရှိရသော်လည်း ကေအိုင်စီ- ကရှု်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ယနေ့ ဖြစ်ပွားသည့် ကော့ကရိတ်မြို့တွင်းနှင့် မြို့ ပြင်တိုက်ပွဲဖြစ်စဉ် အနီးနေထိုင်သည့် ရပ်ကွက်တွင်း အရပ်သားပြည်သူအချို့ အသက်ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသလို နေအိမ်အတွင်း ပိတ်မိသူများလည်းရှိနေသေးကြောင်း မြို့ခံပြည်သူများက ပြောသည်။
ကော့ကရိတ်မြို့ခံတစ်ဦးက “မြို့တွင်းမှာတိုက်ပွဲဖြစ်တော့ တစ်မြို့လုံး တိတ်ဆိတ်နေတာပဲ။ အပြင်ထွက်တဲ့မရှိဘူး။ အိမ်မှာပဲတံခါးပိတ်ပြီး နေကြတယ်။ တံတားဦးဘက်မှာပြည်သူတွေတော်တော်များများရှောင်နေကြပြီး။ ကျန်တဲ့သူလည်း ရှိသေးတယ်။ သူတို့တွေပိတ်မိတဲ့သဘောတော့ရှိတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်မြို့တွင်းတိုက်ပွဲများဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်မှ မြို့ပတ်ပတ်လည်ကို လက်နက်ကြီးပစ်ခတ်မှုများ ပြန်လည်လုပ်ဆောင်သည့်အတွက် မြို့ခံအရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း ဒေသခံများက ပြောသည်။



















