Home သတင်း ကျောက်တံခါးတွင် စစ်ရှောင်များ၏ လယ်များကိုရိတ်သိမ်းရန် စစ်ကောင်စီက ရိတ်ချွေစက်များလာချထား

ကျောက်တံခါးတွင် စစ်ရှောင်များ၏ လယ်များကိုရိတ်သိမ်းရန် စစ်ကောင်စီက ရိတ်ချွေစက်များလာချထား

728
Photo: CJ

အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအုပ်စုနှင့် တလိုင်းခင်ကျေးရွာရှိ စစ်ရှောင်တောင်သူများပိုင်ဆိုင်သော လယ်များတွင် စစ်ကောင်စီက ရိတ်ချွေစက်များချထားကာ စပါးများ ရိတ်သိမ်းယူဆောင်ရန် စီစဥ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လက နံဇကျေးရွာတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီး၍ နေအိမ် အတွင်း တပ်စွဲနေထိုင်ခဲ့ကြသဖြင့် နံဇကျေးရွာနှင့်အနီးအနားရွာရှိ ဒေသခံများ နေရပ်စွန့်ခွာ ရှောင်တိမ်း နေကြရခြင်းဖြစ်သည်။

ထို့နောက်တွင် စစ်ကောင်စီက စစ်ဘေးကြောင့် မရိတ်သိမ်းနိုင်သေးသော တောင်သူများပိုင် လယ်များကို ရိတ် သိမ်းရန် ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ရိတ်ချွေစက်များကို လယ်ခင်းများအနီးယူဆောင်ထားရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“ရွာသားတွေက နယ်မြေအခြေအနေမကောင်းလို့ စပါးတွေမရိတ်ရဲတော့ဘူး။ အဲဒီတော့ သူတို့ (စစ်တပ်)ကပဲ လာရိတ်မယ်ပေါ့။ စက်တွေသယ်လာပြီး လာချထားတာ ရိတ်တာတော့မရိတ်ရသေးဘူး။ ဒီဘက်(KNLA ပူးပေါင်းတပ်ဖွဲ့)ကလည်း ဝင်လာတာနဲ့လှမ်းပစ်နေတော့ မရိတ်ရဲသေးတာ။ ဝင်လို့ရတာနဲ့ သူတို့ အကုန်ရိတ် ပစ်မှာ တောင်သူတွေကတော့ စစ်တပ်ကိုပေးရိတ်ရမယ့်အတူတူ မီးသာရှို့ပစ်လိုက်တဲ့ ပြောနေကြတယ်။” ဟု အဆိုပါဒေသခံက ပြောသည်။

ထို့အပြင် ဒေသခံလူထု အများစုလုပ်ကိုင်နေသော စပါးစိုက်ပျိုးရန် လိုအပ်သည့်ပစ္စည်းများ ဈေးနှုန်းကြီးမြင့် နေသော်လည်း စပါးဈေးမကောင်းခြင်း၊ ရိတ်သိမ်းပြီးသောစပါးများ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုကြောင့် စီးပွားရေးလုပ်ကိုင်ရ ပိုမိုခဲယဥ်းလာနေသည်ဟုလည်း ခရိုင်အတွင်းရှိ လယ်စိုက်တောင်သူများက ပြောသည်။

ပြည်သူပိုင်ပစ္စည်းများကို ထိပါးလာသောစစ်ကောင်စီတပ်များကို ပြီးခဲ့သည့် အောက် တိုဘာလ(၂၂)ရက်နေ့ နေ့လည်ပိုင်းက ဖိုးတရွာအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ အထိအခိုက်ရှိခဲ့ပြီး လေကြောင်းဖြင့်တုန့်ပြန်ပစ်ခတ်လာသဖြင့် ဒေသခံများဘေးလွတ်ရာသို့ ထပ်မံရွှေ့ ပြောင်းခဲ့ရကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

၎င်းအပြင် နံဇကျေးရွာအတွင်း တပ်စွဲနေထိုင်သွားသော စစ်ကောင်စီတပ်များကလည်း တလိုင်းခင် ရွာနှင့်နံ ဇရွာဘက်တွင် မိုင်းများရာချီ ထောင်ထားခဲ့သဖြင့် မြေမြှုပ်မိုင်း ရှင်းလင်းရင်းသော်လည်းကောင်း၊ မိုင်းနင်း မိ၍သော်လည်းကောင်း ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိလာနေသည်ဟုလည်း အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ရွာထဲ၀င်ပြီး သူတို့(စစ်တပ်)ကပြန်ဆုတ်ရင် ရွာထဲရော၊ ပြန်ဆုတ်တဲ့လမ်းတစ်လျှောက်ရော မိုင်းတွေကို ပွထနေအောင် ထောင်ထားခဲ့တာ။ တလိုင်းခင်မှာလည်း (၂၅)ရက်နေ့က လူတစ်ယောက် မိုင်းထိလို့ခြေရော၊ လက်ရော ပြတ်သွားတယ်။ ကလေးရော၊ မိန်းမရော အရင်လတွေကလည်း အဲ့လိုမိုင်း ထိတာရှိတယ်။ သူတို့ မိုက်မိုက်ရိုင်းရိုင်းအဲ့လိုထောင်သွားတာနဲ့ အကုန်ထိခိုက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

KNU တပ်မဟာ(၃)ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်တွင် အာဏာသိမ်းကာလ အတွင်း စစ်ရေးပဋိ ပက္ခများ ကြောင့် ဒေသခံလူထုသည် ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်နှင့် စစ်ဘေးကြောင့် လူမှုစီးပွားရေး ကောင်းစွာ မလည်ပတ်နိုင်မှုများကို ရင်ဆိုင်နေရသလို စစ်ကောင်စီ၏ ပိတ်ဆို့ကန့်သတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများ၊ အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးသည်အထိ ထိခိုက်နစ်နာလာကြခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ၏ လူထုအပေါ် ကျူးလွန် သည့် လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများသည် တစ်စထက်တစ်စ ပိုမိုများပြားလာနေကြောင်း စက်တင်ဘာလ(၂၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏(၅၄)ကြိမ်မြောက် ညီလာခံတွင် တင်သွင်းခဲ့သော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာသစ်တွင် ထည့်သွင်းပြောဆိုထားသည်။