အောက်တိုဘာ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) နယ်မြေအတွင်းရှိ ကော်သူးလေအာမီ-KTLA တပ်စခန်း ၄ ခုကို ပြီးခဲ့သည့် စက်တင်ဘာလကုန်ခါနီးတွင် ရှင်းလင်းခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ (၄) ဘက်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ဘိတ်-ထားဝယ်ခရိုင်၊ ထားဝယ်မြို့ နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၀ ထိန်း ချုပ်ရာ ထိုင်း-မြန်မာနယ်စပ်ဒေသတွင် အခြေချလှုပ်ရှားနေသည့် KTLA ၏ ဝါယောခီး၊ ကဘောယူပလော နှင့် ဖူးရောဘတ်ဇန်ကုန်းအပြင် အခြားအမည်မသိ စခန်းတစ်ခုကို တက်ရောက်ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်၏ အတွင်းရေး မှူး ပဒိုစောအယ်နာက ယခုလိုပြောသည်။
“ နယ်စပ်မှာရှိတဲ့ KTLA စခန်းတွေကို ကျနော်တို့ လူတွေ တက်ရှင်းတာ ဟုတ်တယ်။ ဘာဖြစ်လဲဆိုတော့ သူတို့က ကျနော်တို့ကို ရန်သူလိုသဘောထားပြီး အမြဲတမ်း လုပ်ကြံ ချောင်းမြောင်းနေတဲ့အတွက် ကျနော်တို့ လူတွေ တက်ရှင်းလိုက်ရတာခြင်းဖြစ်တယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ စခန်း ၄ခုကို ရှင်းလင်းရာတွင် KTLA တပ်ဖွဲ့ဝင်များက မိုင်းများထောင်ထား၍ ဆုတ်ခွာရှောင်တိမ်းသွားကြပြီးဖြစ်သောကြောင့် စခန်းအလွတ်ကိုသာ ရှင်းလင်း ခဲ့ခြင်း ဖြစ်ပြီး မည်သည့် လက်နက်ခဲယမ်းပစ္စည်းများကိုမျှ သိမ်းဆည်းရမိခြင်း မရှိသလို ထိတွေ့ တိုက်ပွဲများလည်း မရှိဘဲ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ပဒိုစောအယ်နာက ဆက်ပြောသည်။
ထိုသို့ ကေအဲန်ယူဘက်က စခန်းသွားရောက် ရှင်းလင်းမည့် သတင်းများကြောင့် KTLA တပ်ဖွဲ့ဝင်များမှာ နီးစပ်ရာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ထွက်ပြေးသွားကြသလို ၎င်းတို့ကို အဓိကဦးဆောင်နေသည့် စောကော်လာဖိုး (ခေါ်) ဗိုလ်အယ်ကွီး ဆိုသူမှ ထား ဝယ်အရှေ့ဘက်ခြမ်းတွင်ရှိနေကြောင်းလည်း ကေအဲန်ယူဘက်က ဆိုသည်။
ကေအဲန်ယူတပ်မဟာ ၄ က ရှင်းလင်းလိုက်သော စခန်းများမှာ ထိုင်းဘက်ခြမ်းတွင်ရှိသည့် အတွက် ထိုင်းအာဏာပိုင်များ၏သတိပေးမှုကြောင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းမရှိဘဲ ရှောင်ပေးလိုက်ခြင်းဖြစ်ကြောင်း KTLA ဘက်မှ တာဝန်ရှိသူတစ်ဦးက ယခုလို တုံ့ပြန် ပြောဆိုသည်။
၎င်းက “ကျနော်တို့က ကရင်အချင်းချင်းလည်းမပစ်ချင်ဘူး။ ထိုင်းဘက်ကလည်း အသံ မမြည်စေချင်ဘူး။ အဲ့ဒါကြောင့် ကျနော်တို့က ရှောင်ပေးလိုက်တာ။ ကျနော်တို့ဆီက ဘာပစ္စည်းမှ မသိမ်းမိပါဘူး။ ထိုင်းဘက်ကလည်း အဲ့မှာနေဖို့ မလိုလားတော့ ကျနော်တို့ နေရာ ရွှေ့လိုက်တာဖြစ်တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
၎င်းစခန်းတွင် ယခင်က KTLA တပ်ဖွဲ့ဝင် ၂၀၀ နီးပါးရှိပြီး ထိုင်းနိုင်ငံနယ်နိမိတ်အတွင်း ရှိနေသောကြောင့် ထိုင်းအာဏာပိုင်များမှ နေရာရွှေ့ခိုင်းသည့်အတွက် ပြီးခဲ့သည့် ၂လကတည်းက ထားဝယ်ဘက်ခြမ်းသို့ နေရာရွှေ့ပြောင်းလိုက်ပြီး ဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ရက်နေ့ကလည်း KNLA တပ်ရင်း (၁၀)နယ်မြေထဲရှိ ကရင် အခေါ် (ဖွေးဖိုးကလား) နေရာရှိ KNLA စစ်ဆေးရေးဂိတ်တစ်ခုကို ကော်သူးလေအာမီ (KTLA)တပ်ဖွဲ့ဘက်မှ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။
KNLA တပ်ရင်း (၁၂) နယ်မြေထဲတွင်လှုပ်ရှားသည့် KTLA တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့က KNLA ဘက်မှ စစ်ဘက်ရေးရာကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီ စီးနင်းလာသော ကားကို ပစ်ခတ်တိုက်ခိုက်သည့်အတွက် ဗိုလ်မှူးစောဖိုးစီနှင့် ၎င်းတပ်ဖွဲ့ ဝင်နှစ်ဦးကျဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNUဘက်က သတင်းထုတ်ပြန်ထားသည်။
စစ်ဘက်ရေးရာ ကွပ်ကဲရေးမှူး ကားတိုက်ခိုက်ခံရပြီးနောက်တွင် KNLAဘက်မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်သည့်အတွက် KTLA တပ်ဖွဲ့များသည် ထိုနယ်မြေထဲတွင် မရှိတော့ဘဲ KNLA တပ်ရင်း(၁၀)နယ်မြေထဲသို့ ပြောင်းရွှေ့ လှုပ်ရှားခဲ့ရာ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး ယခုလို ထပ်မံရှင်းလင်းမှု လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဘက်က ဆိုသည်။



















