အောက်တိုဘာ ၅ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကိုယ်ကျိုးအတွက်မကြည့်ဘဲ အနစ်နာခံပေးဆပ်သည့် ကျောင်းဆရာ၊ ဆရာမများအားလုံးကို အသိ အမှတ်ဂုဏ်ပြုကြောင်း ယနေ့ အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများ နေ့အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)ဗဟိုက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ပြောဆိုထားသည်။
နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းညီညွတ်ရေး၊ တန်းတူညီမျှရေးနှင့် ဒေသအတွင်း အသိပညာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ အကြောက် တရားများကို နောက်ထားကာ အနစ်နာခံပေးဆပ်ခဲ့ကြသည့် ကျောင်းဆရာ၊ဆရာမများအားလုံးကို အသိမှတ်ဂုဏ်ပြုသည်ဟု KECD ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။
KECD ဌာနမှူး ပဒိုစောလောအယ်မူးက “ ဆရာ၊ ဆရာမတွေက သူတို့ မိသားစုအရေးကို နောက်မှာ ထားပြီးတော့ ကိုယ့်လူမျိုးရဲ့မျိုးဆက်သစ်အတွက် ဒီဆရာ၊ ဆရာမတွေက ဦးစားပေး အနစ်ခံပေး ဆပ်ခဲ့ ကြတယ်။ လက်နက်ကိုင်မှ မဟုတ်ဘဲ ဆရာ၊ ဆရာမလုပ်တာလည်း တော်လှန်ရေး လုပ်တာပါပဲလို့ ကျနော်တို့ သတ်မှတ်တယ်။ ဒါကလည်း စစ်အာဏာရှင်ကို ပြန်တွန်းလှန်နေတာပဲ။ အဲဒါကြောင့် အခက် အခဲရှိလည်း နားလည်မှုနဲ့ အတူလက်တွဲပြီးလုပ်ဆောင်ကြမယ်လို့ ဆရာ၊ ဆရာမတွေကို ဂုဏ်ပြု အားပေးချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင်လည်း စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြသလို ပညာရေးကဏ္ဍသည် တရား ဝင်သည့် အလုပ်ဖြစ်၍ ပိုမိုဖြစ်ထွန်းအောင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ကျောင်းဆရာ၊ ဆရာများအား ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD ၏ ဂုဏ်ပြုသဝဏ်လွှာတွင် တိုက်တွန်းပြောဆိုထားသည်။
အလားတူ ကျောင်းဆရာ၊ ဆရာမများသည် နိုင်ငံ၏ အလင်းပေးသူ၊ နိုင်ငံ၏ ပဲ့ကိုင်ရှင်များဖြစ်ကာ အထူးသဖြင့် ကရင်ဒေသအတွင်းရှိ မျိုးဆက်သစ်ကရင်လူငယ်များ အသိပညာ အတတ်ပညာဖွံ့ဖြိုးတိုး တက်ဖို့အတွက် အခက်အခဲကြားမှ တတ်စွမ်းနိုင်သလောက် သင်ကြားပေးသည့် ဆရာ၊ ရာမများကိုလည်း ဂုဏ်ပြုကြောင်း ကမ္ဘာ့ဆရာများနေ့အတွက်ပေးပို့သော ကရင်ကျောင်းသားများကွန်ရက်အဖွဲ့-KSNG ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ပြောဆိုထားသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီး ပစ်ခတ်မှုကြောင့် ကော်သူးလေနယ်မြေထဲရှိ စာသင်ကျောင်းပေါင်း ၁၇ ကျောင်းကျော် ပျက်စီးခဲ့ သလို ကျောင်းဆရာ၊ ဆရာမ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရသည်ဟုလည်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ မှတ်တမ်းအရ သိရသည်။
ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ခရိုင် ၇ ခုတွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD စီမံခန့်ခွဲမှုအောက်ရှိ ကျောင်းဆရာ၊ ဆရာမ ဦးရေ ၈,၀၀၀(ရှစ်ထောင်)ကျော်ရှိသည် KECD ထံမှ သိရသည်။
(The Teacher We Need For The Education We Want ) “ကျွန်ုပ်တို့ လိုချင်သောပညာရေးအတွက် လိုအပ်နေသော ဆရာဆရာမ” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ယခု ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ကေအဲန်ယူနယ်မြေ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းနှင့် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများတွင်လည်း ဂုဏ်ပြုကျင်းပကြသည်ဟု သိရသည်။



















