Home သတင်း ညဘက်ဖုန်းလိုင်းများပြတ်တောက်၍ အွန်လိုင်းဖြင့် အလုပ်လုပ်သူများ အဆင်မပြေဖြစ်နေ

ညဘက်ဖုန်းလိုင်းများပြတ်တောက်၍ အွန်လိုင်းဖြင့် အလုပ်လုပ်သူများ အဆင်မပြေဖြစ်နေ

653

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်ရှိ ထီလုံ၊ လှိုင်းဘွဲနှင့် နဘူးစသည့်ဒေသများတွင် ယခုအောက်တို ဘာလ ဆန်းမှစပြီး ည(၈)နာရီမှ နံနက်(၄) နာရီ အချိန်ထိ MPT ဖုန်းလိုင်းများ ပြတ်တောက်မှုဖြစ် ပွားနေသောကြောင့် အွန်လိုင်းကို အသုံးပြုအလုပ်လုပ်ကိုင်သူများအနေဖြင့် အခက်တွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်အများစုမှာ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းနှင့် အွန်လိုင်းပေါ်တွင် ပညာသင်ကြားလေ့လာရေးတို့ကို ညအချိန်တွင် လုပ်ကိုင်နေကြပြီး ယခုလို လိုင်းများပြတ်တောက်မှုကြောင့် ၎င်းတို့၏ အလုပ်အကိုင်များ ထိခိုက်စေကြောင်း အမည်မဖော်လိုသူ အွန်လိုင်းရောင်းဝယ်မှု လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

၎င်းက “အခုကာလမှာက အလုပ်အရမ်းရှုပ်တယ်။ ဝယ်သူတွေက မြို့ပေါ် တက်မဝယ် တော့ဘူး။ အွန်လိုင်းကပဲမှာယူကြတာ။ ရောင်းအားကောင်းနေတဲ့အချိန်မှာ ဝယ်သူတွေနဲ့ ဆက်သွယ်မရတော့ သူတို့လည်းစိတ်ပူကုန်တာပေါ့။ နောက်မှ ပြန်ရှင်းပြရနဲ့ တချို့ဆို မယုံကြည်တော့သလို တောင်ဖြစ်တယ်။ လိုင်းပြတ်တော့ ရောင်းအားအတော်ကျ သွား တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အတွင်း MPT ဆင်းမ်ကဒ် နှင့် Mytel ဆင်းမ်ကဒ်များကိုသာ အဓိက အား ထားအသုံးပြုနေရပြီး တခြားဖုန်းဆင်းမ်ကဒ်များမှာ လိုင်းမမိသောကြောင့် ၎င်း MPT ဆင်းမ်ကဒ်ကိုသာ အားထားအသုံးပြုနေရသည်ဟု အွန်လိုင်းရှော်ပင်လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်တချို့သည် ညဘက်အလုပ်နားချိန်တွင် သက်ဆိုင်ရာ အွန်လိုင်းသင်တန်းများကို ညအချိန်တွင်တက်ရောက်နေသူများရှိသလို ယခုလို ညအချိန် လိုင်းများပြတ်တောက်သောကြောင့် ညအချိန်တွင် တက်ရောက်သောသင်တန်းများ အတန်းပျက်ခြင်းများကြောင့် သင်တန်းမှထုတ်ခံရသည့် ဖြစ်စဉ်များလည်းရှိလာကြောင်း သိရသည်။

“ကျမတိုသင်တန်းက နှစ်ခါပျက်ရင်ထွက်ရမှာ လိုင်းကညတိုင်းပျက်နေတော့ ထုတ်ခံထိ တာပေါ့၊ တခြားကဒ်တွေကဒီမှာ လိုင်းသုံးမရဘူး။ MPT တစ်မျိုးပဲရတယ်။ အခုလိုလိုင်းပြတ်တော့ လုံးဝအဆင်မပြေဘူး။ အလုပ်တွေရော တခြားကိစ္စတွေရော မပြီးပြတ်ပဲဖြစ်နေတာပေါ့” ဟု HR (Human Resources ) အွန်လိုင်းသင်တန်း တက်ရောက်နေသူ နော်အယ်ဖောဝါးက ကေအိုင်စီသို့ ပြောသည်။

ယခုလို ညအချိန် လိုင်းများပြတ်တောက်လာသောကြောင့်ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီဘက်မှ စစ်ကြောင်းများ ထိုးပြီးတိုက်ပွဲများဖော်ဆောင်မည်ကို ကျေးရွာ အတွင်းပြည်သူများ ကြောက်လန့်နေရကြောင်းကို ကော့ကရိတ်မြို့နယ် ရေပူကြီးဒေသခံတစ်ဦးက ပြောသည်။

အလားတူ အာရှလမ်းမတစ်လျှောက်ရှိ ကျုံဒိုးကျေးရွာ၊ ငါးတိုင်နှင့် ရေပူကြီးအစရှိသည့် ကျေးရွာများတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှစပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ လအထိ MPT ဖုန်းလိုင်းကို ညနေ ၄နာရီမှ နံနက် ၉နာရီအတွင်း လိုင်းပြတ် တောက်မှုဖြစ် သောကြောင့် ၎င်းဒေသများရှိ အွန်လိုင်းအလုပ်လုပ်ကိုင်သူများ အဆင် မပြေခက်ခဲမှု များရှိခဲ့သည့် ဖြစ်စဉ်မျိုးရှိခဲ့သည်ဟု အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

ကရင်ပြည်နယ်၏ ဖားအံ၊ ကော့ကရိတ်နှင့် မြဝတီမြို့နယ်များတွင် MPT၊ ATOM နှင့် အော်ရီဒူးစသည့် ဆင်းမ်ကဒ်များကို အဓိက အသုံးပြုကြပြီး လှိုင်းဘွဲ၊ ထီလုံ နှင့် နဘူးဒေ သများတွင် MPT နှင့် Mytel ဆင်းမ်ကဒ်များကို အဓိက အသုံးပြုကြရကြောင်း ဒေသခံများထံမှ သိရသည်။