Home သတင်း ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ပန်းတနော်မြို့နယ်၌ ကျေးရွာတစ်ဝက်ခန့် ကမ်းပါးပြိုကျမှု ဆက်ဖြစ်နေ

ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ပန်းတနော်မြို့နယ်၌ ကျေးရွာတစ်ဝက်ခန့် ကမ်းပါးပြိုကျမှု ဆက်ဖြစ်နေ

873
Photo: MOI

အောက်တိုဘာ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စုရှိ ကျောင်းတော်ကလေး ကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုဆက်တိုက်ဖြစ်ပေါ်နေပြီး ကျေးရွာ၏ထက်ဝက်နီးပါးကို မြစ်ရေ တိုက်စားခံလိုက်ရကြောင်း ကျေးရွာဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှစ၍ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်ကမ်းနံဘေးရှိ ကျေးရွာ(၇)ရွာခံ မြစ်ရေတိုက်စားခံနေရပြီး လတ်တလောတွင်လည်း မြစ်ရေဆက်တိုက်တက်လာကာ ကျောင်းတော်ကလေးကျေးရွာ ထက်ဝက်နီးပါးရှိ နေအိမ်များ ကမ်းပါးပြိုကျမှုအတွင်း ပါသွားပြီးဖြစ်ကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

၎င်းက “အခုက ရွာထဲမှာ ထက်ဝက်လောက် အိမ်တွေပါသွားပြီး။ အိမ်ခြေ ၄၀ လောက်က ဘေးကင်းတဲ့ နေရာတွေမှာ ပြောင်းရွှေ့ထားရတာပေါ့။ လူဦးရေ ၂၀၀ နီးပါး လောက်တော့ရှိတယ်။ တချို့က သူတို့ရဲ့ ဥယျာဉ်ခြံထဲမှာ သွားနေကြတယ်။ တချို့ကျနီးစပ်တဲ့ သူများအိမ်မှာ ခေတ္တခဏ သွားတောင်းနေကြသူလည်းရှိတာပေါ့”ဟု ပြောသည်။

ထို့အပြင် နေအိမ်နေရာများပျက်စီးသွားသည့် ဒေသခံများအနေဖြင့် ခေတ္တယာယီ ပြောင်းရွှေ့ နေထိုင် ရသောကြောင့် စားရေးသောက်ရေးအခက်အခဲရှိနေသလို စစ်ကောင်စီအုပ်ချုပ်ရေးဘက်ကလည်း ရေတိုက် စားခံလိုက်ရသည့် နေအိမ်မိသားစုဝင်များကို တစ်အိမ်ထောင်စုလျှင် ကျပ်ငွေ တစ်သိန်းနှုန်း ထောက်ပံ့ မှုများရှိကြောင်း ၎င်းကျေးရွာတာဝန်ရှိသူက ဆက်ပြောသည်။

Photo: MOI

လတ်တလောတွင်လည်း ယမန်နေ့ညက မြစ်ရေတိုက်စားမှုကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်း နေရာတချို့ပါသွားပြီး ယခုနှစ်တွင် ဝါထပ်နှစ်ဖြစ်၍ မြစ်ရေတိုက်စားခံမှုကို ယမန်နှစ်ကထက် ပိုမိုခံစားကြရကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ဧရာဝတီမြစ်ရေမြင့် တက်လာပြီး မြစ်ကမ်း ပါးပြိုကျမှုဖြစ်ပွားခြင်းကြောင့် မြစ်ကမ်းနှင့် နီးသောဘဝိုင်းကျေးရွာအုပ်စုနှင့် မြစ်ဝကျေးရွာအုပ်စုတို့တွင် လူနေအိမ် (၂၁) လုံး ကြိုတင်ပြောင်းရွှေ့ပေးခဲ့သေးကြောင်း စစ်ကောင်စီမြို့နယ်သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ထားသေးသည်။

ပန်းတနော်မြို့နယ်တွင် မိုးရာသီကာလရောက်တိုင်း ဧရာဝတီမြစ်ရေအတက်အကျရှိပြီး မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားလေ့ရှိသည့်အတွက် နှစ်စဥ်မြစ်ကမ်းနှင့်နီးသော နေအိမ်များ ကြိုတင်ပြောင်းရွှေ့ရလေ့ရှိပြီး ပုံမှန်အားဖြင့် အောက်တိုဘာအကုန်တွင် မြစ်ရေများကျသွားသော်လည်း ယခုနှစ်တွင် ယခင်နှစ်ထက် မြစ်ကမ်းပါးပြိုမှု ပိုမိုဆိုးရွားကြောင်း ဒေသခံများက ပြောသည်။