Home တွေ့ဆုံမေးမြန်းခန်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဟောင်းနှင့် စစ်ကောင်စီ တွေ့ဆုံမှုအပေါ် ပဒိုစောကလယ်စေးအား ဆက်သွယ်မေးမြန်းခြင်း – အင်တာဗျူးကဏ္ဍ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဟောင်းနှင့် စစ်ကောင်စီ တွေ့ဆုံမှုအပေါ် ပဒိုစောကလယ်စေးအား ဆက်သွယ်မေးမြန်းခြင်း – အင်တာဗျူးကဏ္ဍ

686

အင်တာဗျူးကဏ္ဍ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဟောင်းနှင့် စစ်ကောင်စီ တွေ့ဆုံမှုအပေါ် ဝေဖန်မှု၊ သုံးသပ်မှုများစွာ ထွက်ပေါ်လျှက်ရှိပြီး ကေအဲန်ယူအနေဖြင့်လည်း အောက်တိုဘာ ၂ရက်နေ့က သဘောထားထုတ်ပြန်ချက် ထုတ်ထားခဲ့ သည့်အတွက် ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးအား ကေအိုင်စီက ကရင်ဘာသာဖြင့် ဆက်သွယ် မေးမြန်းထားခြင်းဖြစ်သည်။

မေး – KNU ဥက္ကဌဟောင်းက နေပြည်တော်မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံတဲ့ကိစ္စနဲ့ ပတ်သက် ပြီး KNU သဘောထား ထုတ်ပြန်ချက်အပေါ် နည်းနည်း ရှင်းပြပေးပါ။
ဥက္ကဌ ဟောင်းနဲ့ အဖွဲ့ဝင်ဟောင်းတွေ စစ်ကောင်စီ ခေါင်းဆောင်နဲ့ သွားတွေ့တဲ့အပေါ်မှာ ကျနော်တို့ အဖွဲ့အ စည်းအပေါ် ထူးထူးခြားခြား လာမထိခိုက်ဘူးဆိုတာတော့ ပြောလို့ရတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့ဆန္ဒနဲ့ သူတို့ပဲ သွားတွေ့တဲ့ ကိစ္စပဲဖြစ်တဲ့အတွက် ကေအဲန်ယူ အဖွဲ့အစည်းနဲ့ ဘယ်လိုမှ ပတ်သက်ခြင်းမရှိဘူး။ ကေအဲန်ယူအနေနဲ့ လည်း ဒါမျိုးကို အားမပေးသလို သူတို့(စကစ)နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာမျိုး မလုပ်ဖို့ ဆုံးဖြတ်ထားတာကို အသိပေး ထုတ်ပြန်ထားပြီးဖြစ်တယ်။

NCA နဲ့ပတ်သက်ပြီး အခြားတိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ အတွေးအမြင် သဘောထားခံယူချက် နားလည် သဘောပေါက်မှုအပေါ်မူတည်ပြီး ယုံကြည်လို့ သွားတဲ့သူက သွားမှာပေါ့။ မယုံကြည်တဲ့သူကတော့ မသွားဘူးပေါ့။ မယုံ ကြည်ဘူးဆိုတာကလည်း ဟိုအရင်ကနေ ယခုအချိန်ထိက သူတို့ရဲ့ သဘောထားကို တိုင်းရင်းသားတချို့က သိပေမဲ့ တချို့ကတော့ အခုထိ ယုံကြည်ကြတုန်းပေါ့။ အဲ့အပေါ်မှာတော့ သွားတွေ့ကြမှာပဲ။ ကျနော်တို့ ကေအဲန်ယူအနေနဲ့က ဒါမျိုးကို သဘောထားမရှိတဲ့အတွက် ဒီကိစ္စက ကျနော်တို့နဲ့ မသက်ဆိုင်ဘူး။ ပြီးတော့ NCA ဆိုတာလည်း အသက်မရှိ တော့ဘူး၊ ပျက်ပြယ်သွားပြီးဆိုတာကိုလည်း ကျနော်တို့ ခေါင်းဆောင်တွေက ထုတ်ပြန် သဘောထားပေးပြီးသားဖြစ် တဲ့အတွက် ဒီကိစ္စက ကျနော်တို့နဲ့ မသက်ဆိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိစေချင်တယ်။

မေး – စစ်ကောင်စီပိုင်သတင်းစာမျက်နှာထဲမှာ သူတို့ကို KNU ခေါင်းဆောင်လို့ မသုံးနှုန်းဘဲ ကရင်တိုင်ရင်းသား ခေါင်းဆောင်လို့ သုံးနှုန်းထားတာ တွေ့ရတယ်။ အဲဒီအပေါ်မှာကော ကေအဲန်ယူက ဘယ်လိုရှုမြင်လဲ။
စစ်ကောင်စီခေါင်းဆောင်ကတော့ ကရင်ခေါင်းဆောင်နဲ့ တွေ့တယ်လို့တော့ ပြောထားတာပေါ့။ ကရင်တိုင်း ရင်းသားခေါင်းဆောင်ဆိုတဲ့ အဓိပ္ပာယ်က အတော်လေး ကျယ်ပြန့်ပြီး ကရင့်တော်လှန်ရေးခေါင်းဆောင် ဆိုတဲ့ အသုံးအ နှုန်းထက် ပိုလေးနက်တယ်။ ကရင်တိုင်းရင်းသားခေါင်းဆောင် ဟုတ်မဟုတ်ဆိုတာကတော့ ကျနော်တို့ ကရင်ပြည်သူ တွေ အဲ့လို လက်ခံရင်တော့ အဲ့လိုပဲဖြစ်မှာပေါ့။ ကျနော်တို့အနေနဲ့ကတော့ တော်လှန်ရေး ခေါင်းဆောင်ဟောင်းတွေလို့ ပဲ နားလည်ထားပါတယ်။

မေး – ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီဘက်က ကေအဲန်ယူအတွင်း ရှုပ်ထွေးအောင်လုပ်တယ်လို့ ဖော်ပြထား တယ်။ အဲဒါနဲ့ပတ်သက်ပြီး အကျယ်တဝင့် ရှင်းပြပေးပါ။
စကစ ခေါင်းဆောင်ကတော့ ကျနော်တို့အနေနဲ့ ရှုတ်ထွေးအောင်လုပ်တယ်လို့ ပြောတာပေါ့။ တကယ်က သူတို့ပဲ ရှုပ်ထွေးအောင်လုပ်နေတာ။ ၂၀၂၀ကစပြီး ၂၀၂၁ခုနှစ်အထိက အခြေအနေတွေက အဆင်ပြေပြေ ချောချောမွေ့ မွေ့နဲ့ သွားနေသေးတယ်။ ပြည်သူလူထုတွေအနေနဲ့ အနည်းငယ် ငြိမ်းငြိမ်းချမ်းချမ်း နေရသေးတာပေါ့။ ကျနော်တို့ ကေအဲန်ယူအနေနဲ့လည်း ၂၀၂၁ ဇန်နဝါရီလ (၂၉)ရက်နေ့လောက်ကတည်းက အာဏာသိမ်းတာကို မလုပ်သင့်ဘူးလို့ ကျနော်တို့ အကြံပြုလိုက်ပါသေးတယ်။ ပဋိပက္ခတွေဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါသေးတယ်။ ဒါပေမဲ့ သူတို့ နားမထောင်ခဲ့ဘဲနဲ့ အာဏာကို အတင်းအဓမ္မနည်းနဲ့ ရယူလိုက်တာကြောင့် အခုလို ရှုပ်ထွေးမှုတွေ ဖြစ်စေခဲ့တာက သူတို့ကြောင့်ပဲလို့ ပြောချင်ပါတယ်။

Photo: SAC

မေး – ကေအဲန်ယူခေါင်းဆောင်ဟောင်းတွေက စစ်ကောင်စီနဲ့ ဒီလိုတွေ့ဆုံခြင်းအားဖြင့် ကေအဲန်ယူအပေါ်မှာ ဝေဖန်မှုတွေ ပေါ်ထွက်လာတာရှိတယ်။ အဲ့အပေါ်မှာကော ပြည်သူတွေကို ဘယ်လိုပြောပြချင်လဲ။
ကျနော်တို့ ကေအဲန်ယူ အဖွဲ့အစည်းအပေါ် ထိခိုက်နိုင်မှုမရှိဘူး ဆိုတဲ့နေရာမှာ ကေအဲန်ယူရဲ့ သမိုင်းနဲ့ အတွေ့ အကြုံကိုပြန်ကြည့်ရင် ဥက္ကဌခေါင်းဆောင်ဟောင်းတွေက အဖွဲ့အစည်းအပေါ်မှာ ဩဇာလွှမ်းမိုးသက်ရောက်မှု တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးတဲ့အတွက် ကျနော်တို့ သဘောထားရပ်တည်ချက်နဲ့ မတိုက်ဆိုင်တဲ့အပေါ်မှာ ထူးထူးခြားခြား လာထိခိုက်တာမျိုးတော့ မရှိဘူးလို့ ပြောနိုင်ပါတယ်။

မေး – စစ်ကောင်စီ မင်းအောင်လှိုင်က ဒီလာမယ့် အောက်တိုဘာ ၁၅ရက်နေ့ NCA ၈နှစ်မြောက် နှစ်ပတ်လည်ကို အနှစ်သာရရှိရှိ ကျင်းပမယ်လို့ ပြောထားတာရှိတယ်။ ကေအဲန်ယူဘက်က ဘယ်လိုသဘောထားရှိလဲ။
ဒီလာမဲ့(အောက်တိုဘာ)လ ၁၅ရက်နေ့က NCA ရဲ့ နှစ်ပတ်လည်နေ့အတွက် အစီအစဉ်လုပ်ဆောင်သွားမယ်လို့ ကျနော်တို့သိထားပေမဲ့ အရင်ကတည်းက ပြောထားတဲ့အတိုင်း ဒါကို ကျနော်တို့ လက်မခံတော့ဘူးဖြစ်တဲ့အတွက် သူတို့နဲ့ တွေ့ဆုံစရာအကြောင်းတော့ မရှိပါဘူး။ ဒီအစီအစဉ်အပေါ်မှာ ဘာမှ စဉ်းစားထားတာမျိုး မရှိဘူးလို့တော့ ပြော နိုင်ပါတယ်။

မေး – ကေအဲန်ယူ ထုတ်ပြန်ချက်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်း လုံးဝ မရှိဘူးလို့ ပြောထားတယ်။ ဒါပေ မယ့် ကေအဲန်ယူရဲ့ ဖားအံခရိုင် ဥက္ကဋ္ဌကတော့ NCA ကိုအခြေခံပြီး တွေ့ဆုံဆွေနွေးပွဲလုပ်မှသာလျှင် နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်မယ်လို့ ထုတ်ပြန်ထားတာရှိတယ်။ အဲဒီကွဲလွဲမှု ၂ခုအပေါ်မှာကော KNU အနေနဲ့ ဘာပြောချင်ပါလဲ။
နိုင်ငံရေးဆိုင်ရာ အစီအစဉ်တွေ၊ ဦးဆောင်မှုတွေဆိုတာက ကေအဲန်ယူအတွင်းမှာက ဗဟိုအဆင့်ကသာ တာဝန်ယူဆွေးနွေးလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ခရိုင်အဆင့်ကနေ ဦးဆောင်ပြီး တွေ့ဆုံတာ ဆွေးနွေးတာမျိုး လုပ်ပိုင်ခွင့် မရှိပါဘူး။

ခရိုင်အားလုံးကို ဒီလိုမျိုး လုပ်ပိုင်ခွင့်ပေးလိုက်မယ်ဆိုရင် ခရိုင်အားလုံးရဲ့ သဘောထားက တစ်ယောက်တစ်မျိုး ဖြစ်နိုင်တဲ့အတွက် ဒါမျိုးက မဖြစ်သင့်ဘူး ဆိုတဲ့အပေါ်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အားလုံးက ကေအဲန်ယူရဲ့ ဗဟို အဆင့်ကသာ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆုံးဖြတ်ချက် သဘောထားရှိပါတယ်။