အောက်တိုဘာ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကလေးသူငယ်များပါအဝင် လူ ၉၀ကျော် ထိခိုက်သေဆုံးစေခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) လိုင်ဇာဗဟိုဌာနချုပ်အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်စောင့်ကြည့်ရေးအဖွဲ့ -KHRWက ယနေ့ ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။
ကချင်ပြည်နယ် KIO/KIA ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် ကချင်စစ်ရှောင်စခန်းတစ်ခုကို ယမန်နေ့ည အောက်တိုဘာလ ၉ ရက်နေ့ ညသန်းခေါင်းယံအချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် ကလေးသူငယ်အပါအဝင် ၃၀ ဦး ထက်မနည်းသေဆုံးပြီး ၆၀ ဦးခန့် ထိခိုက်ဒဏ် ရာရရှိသည်ဟု ကချင်လူ့အခွင့်စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချသည့်အပြင် စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ပံ့ပိုးကူညီပေးနေသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန်ကိုလည်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ -KHRWက တောင်းဆို လိုက်သည်။
KHRW တာဝန်ခံ ကိုဂျက်ကော့က “ဒီလိုပစ်ခတ်တဲ့အပေါ် ပြည်သူမြောက်များစွာ သေဆုံးတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ကို KHRW အနေနဲ့ရှုတ်ချတာကို စာထုတ်ပြန်ထားပါတယ်။ နောက်တစ်ခုကတော့ ဒီလိုလုပ်တဲ့အပေါ် နိုင်ငံတကာကနေ ပိုမိုထိရောက်စွာအရေးယူပေးရန် တောင်းဆိုထားပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူများထဲတွင် ကလေး(၁၄)ဦးနှင့် အမျိုးသမီး အပါအဝင် လူကြီး ၂၀ ဝန်းကျင်ခန့်သေဆုံးခဲ့သည်ဟု KHRW က ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့ကလည်း ဖားကန့်မြို့နယ် အနန့်ပါ၌ ကချင်လွတ်လပ်ရေး KIO အဖွဲ့တည်ထောင်ခြင်း ၆၂ နှစ်မြောက် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှင့် တိုက်ခိုက်သည့်အတွက် ကလေးငယ်အပါအဝင် လူအယောက် ၆၀ ကျော်အထိ သေဆုံးခဲ့သေးသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကချင်ပြည်နယ်ကဲ့သို့ပင် တောင်ပိုင်းရှိ ကရင်ပြည်နယ်နယ်ဘက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှု မကြာခဏ ကြုံတွေ့ရလျက်ရှိသည်။ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် -KPSN ၏ စက်တင်ဘာလ ၂၆ရက်နေ့က ထုတ်ပြန်ထားသော ထုတ်ပြန်ထားချက်အရ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးသထူ(သထုံ) တောအူး(တောင်ငူ)၊ တနင်္သာရီ၊ မူတြော်(ဖာပွန်)နှင့် ဒူးပလာခရိုင်တို့တွင် စုစုပေါင်းစာသင်ကျောင်း (၁၉)ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း (၁၅)ကျောင်း၊ ဘုန်းကြီးကျောင်း(၁၀)နှင့် ဆေးခန်း (၆) ခု ထိခိုက်ပျက်စီးခဲ့သည့်အပြင် အရပ်သား ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်ဟု ဖော်ပြထားသည်။



















