Home သတင်း ပဲခူးတစ်မြို့လုံးနီးပါး စံချိန်တင်ရေလွှမ်းမိုးမှုဖြစ်ပြီး ကယ်ဆယ်ရေးအကူအညီများလိုအပ်နေ

ပဲခူးတစ်မြို့လုံးနီးပါး စံချိန်တင်ရေလွှမ်းမိုးမှုဖြစ်ပြီး ကယ်ဆယ်ရေးအကူအညီများလိုအပ်နေ

742
Photo: CJ

အောက်တိုဘာလ ၁၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ဇောင်းတူဆည်ရေများ ဖောက်ချခဲ့ခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရေနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာတော်တော်များတွင် ရေကြီးရေလျှံမှုဖြစ်ကာ ယနေ့ အောက်တိုဘာလ (၁၀) ရက်နေ့အထိ ရေလွှမ်းမိုးမှုဖြစ်ပွားနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအကူအညီများ လိုအပ်နေသည်ဟု မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၇)ရက်နေ့မှ စတင်၍ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်ရောက်ရှိလာကာ မြေနိမ့်ပိုင်းရပ်ကွက်များထဲတွင် ရေစတင်ဝင်၍ ၄ ရက်အတွင်း ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်ထက်ဝက်ကျော် ရေနစ်မြှုပ်သလို အချို့မှာ နေအိမ်အတွင်းပိတ်မိနေသူများလည်း အများအပြားရှိသည်ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

ကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက “အခုဆိုရင်အိမ်ထဲပိတ်မိပြီး ကျနော်တို့ လိုက်ကယ်ထုတ်နေရတုန်းပါပဲ။ ဗိုက်ကြီးသည်တွေ၊ ကလေးတွေပြီးတော့ခွေးတွေလည်း လိုက်ကယ်ထုတ်ရတယ်။ ရပ်ကွက်တော် တော်များများမြှုပ်တယ်။ ရေထပ်ကြီးဖို့အလားအလာ ရှိသေးတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ယခုနှစ်ရေးကြီးခြင်းသည် စံချိန်တင်ရေကြီးသည့် နှစ်တစ်နှစ်ဖြစ်ကာ မထင်မှတ်ထားဘဲ ရုတ်တ ရက်ရေကြီးသည့်အတွက် အရေးပေါ်လှေများကြိုတင်ပြင်ဆင်ထားသူနည်းပါးသလို ရေဆက်လက် ထပ်တိုးနေဆဲဖြစ်ကာ ဖုန်းလိုင်းအချို့လည်း ပိတ်သည့်အတွက် အကူအညီလို အပ်သူအချို့ အခက်အခဲရှိသည်ဟု ပဲခူးမြို့ခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

“ရေဒီလောက်ကြီးမှန်း လူတွေကမထင်ထားတော့ အရေးပေါ်ကယ်ဆယ်ရေးလှေတွေ ကြိုမလုပ်ထားဖြစ်ဘူး။ အခု ဖုန်းလိုင်းတချိုု့လည်းပိတ်တော့ အိမ်ထဲပိတ်မိပြီး အကူအညီတောင်းဖို့ အခက်အခဲရှိတယ်။ ကျနော်တို့လည်း ကျနော်တို့ရပ်ကွက်အခြေအနေပဲသိတယ်။ ဘုန်းကြီးကျောင်းမှာ သွားရှောင်ဖို့လည်း ဘုန်းကြီးကျောင်း တချို့လည်း ရေကြီးတော့ နေရာထိုင်ခင်းတွေ ခက်ခဲတာတွေလည်းရှိတယ်”ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

လက်ရှိအချိန်တွင် ပဲခူး-ရန်ကုန်လမ်းမကြီးပေါ်တွင် ရေကျော်နေသည့်အတွက် ကားများသွားလာ၍ မရတော့ သလို ပဲခူးမြို့ရှောင်လမ်းတွင်လည်း တံတားတစ်စင်း ကျိုးကျသွားခဲ့ခြင်းလည်းရှိကြောင်း ဒေသခံထံမှ သိရသည်။

ခရီးသွားသူတစ်ဦးက “ရေကြီးလို့သွားလာလို့မရတော့ဘူး။ မနေ့ကအသိ သူငယ်ချင်းတစ်ယောက် ရန်ကုန်ပြန်တာ ကားထဲရေဝင်လို့ ဆွဲခ ၁ သိန်းကုန်သွားသေးတယ်။ ဒီနေ့လည်း သွားလာလို့မရဘူရေကြီးနေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လူနေအိမ်အများအပြား ရေနစ်မြှုပ်ပြီး လူထုသောင်းနှင့်ချီ ပြည်သူများရေလွတ်ရာကို တိမ်းရှောင်နေရ သည့် အတွက် ပဲခူးအမြင့်ပိုင်းနေရာများတွင် ကယ်ဆယ်ရေး စခန်း ၂၉ ခုထက်မနည်းဖွင့်လှစ်ထားကြသလို လူများသည့် အတွက် နေရာထိုင်ခင်းလည်းအခက်အခဲရှိကြောင်း ရေဘေးကယ်ဆယ်ရေးသမားထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ ထုတ်ပြန်ထားချက်အရ ပဲခူးမြစ်ရေ သည် မြို့၏ စိုးရိမ်ရေမှတ်အထက် (၄)ပေကျော်လွန်ရောက်ရှိနေသည့်အတွက် ပဲခူးမြို့အတွင်းနှင့် မြေနိမ့်ပိုင်း ရှိနေသူများအနေဖြင့် အထူးသတိပြုကြရန်ကိုလည်း ထုတ်ပြန်ထားသည်။