Home သတင်း နိုင်ငံတဝှမ်း စစ်ကောင်စီ၏ ဖျက်ဆီးခြင်းခံရသည့် စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိလာ

နိုင်ငံတဝှမ်း စစ်ကောင်စီ၏ ဖျက်ဆီးခြင်းခံရသည့် စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ရှိလာ

931
Photo: NUG

အောက်တိုဘာ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ စစ်ကောင်စီ တပ်၏ ဖျက်ဆီးခြင်းခံရသော စာသင်ကျောင်းပေါင်း (၁၁၉) ကျောင်းအထိရှိလာပြီဟု ယနေ့ စက်တင် ဘာလ(၄)ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ သတင်းစာရှင်း လင်းပွဲအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂၇)ရက်နေ့က စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်သို့ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၁၂၀ က တိုက်ပွဲမဖြစ်ဘဲ ဖျက်အားပြင်းလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းတိုက်နှင့် ကပ်လျက် ကျေးရွာအခြေပြုစာသင်ကျောင်းရှိ ကျောင်းသူကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိမှုဖြစ် ပွားခဲ့သော ဖြစ်စဥ်နှင့်ပတ်သက်၍ NUG က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆရာမ(၁)ဦးနှင့်ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အဆိုပါ စာသင်ကျောင်းဖြစ်စဥ်အပါအဝင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက အကြမ်းဖက်မှုကြောင့် တစ်နိုင်လုံးတွင် သေဆုံးရသူကလေးသူငယ်ပေါင်း ၅ ရာနီးပါးရှိနေသလို စာသင်ကျောင်းပေါင်း (၁၁၉)ကျောင်းလည်း ဖျက်ဆီးခံလိုက်ရသည်ဟု NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

၎င်းက “ဒီကိစ္စတစ်ခုတည်းမဟုတ်တဲ့ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု တွေအများ ကြီးရှိတာ ကမ္ဘာကသိပြီးသားပါ။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး စတဲ့သူတွေ ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုမှုတွေရှိပါတယ်။ ကျနော်တို့က ခိုင်ခိုင်မာမာနဲ့ အချက်အလက် ကောက်ယူထားတာပါ။ ဒီထက်ပိုပြီးတော့ မြေပြင်မှာများနိုင်ပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးမှု တွေရှိခဲ့ပေမယ့် ကမ္ဘာရဲ့အရေးယူဆောင်ရွက်မှုကတော့ အားနည်းနေပါတယ်။ အကြမ်းဖက်စစ် အုပ်စုကို ဒီရာဇဝတ်မှုတွေ မကျူးလွန်နိုင်အောင် ကျနော်တို့တွေ တားဆီးလုပ်ဆောင်သွား ရမှာဖြစ် တယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

အကြမ်းဖက်မှုများကို ကျုးလွန်နေသော စစ်ကောင်စီအား နိုင်ငံတကာက လက်နက် တင်ပို့ရောင်း ချနေခြင်းကို ရပ်တန့်ရန်၊ ကုလသမဂ္ဂအပါအဝင် အာဆီယံအနေဖြင့် လူသားချင်း စာနာရေးစည်း မျဥ်းများကို လိုက်နာ၍ အကူအညီများအားမြေပြင်သို့ တိုက်ရိုက်ရောက်ရှိအောင် ဆောင်ရွက်ရန်၊ စစ်တပ်၏အကြမ်းဖက်လုပ်ရပ်များအတွက် တရားမျှတမှုရရှိရန်နှင့် ထပ်မံမဖြစ်ပွားအောင် ဆောင်ရွက်ပေးရန် စသော အချက်များအား ရှင်းလင်းပွဲသို့ တက်ရောက်လာသူ ဝန်းသိုမြို့ နယ်ဖြစ်စဥ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရသော သူနာပြုဆရာမတစ်ဦးက‌ တောင်းဆိုထားသည်။

ထို့အပြင် စာသင်ကျောင်းများတိုက်ခိုက်ခံရမှုတွင် ကုသစောင့်ရှောက်ခြင်းနှင့် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းစဥ်များအတွက် NUG အနေဖြင့် လူသားချင်းစာနာရေးဆိုင်ရာ ဝန်ကြီးဌာနအပါအဝင် အခြား ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ကော်မတီဖွဲ့ထားကြောင်း NUG ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက သတင်းစာရှင်းလင်းပွဲတွင် ကေအိုင်စီ သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားထားသည်။

Photo: NUG

“ပဇီကြီးတို့ ကရင်နီဘက်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေမှာဆိုရင်လည်း ကျနော်တို့အရေးပေါ် အနေနဲ့ဆောင် ရွက်ခဲ့တာတွေရှိတယ်။ မတိုင်ခင်မှာကြိုတင်ကာကွယ်တာဆိုရင်လည်း ကျောင်းတွေမှာ ဗုံးခိုကျင်း တွေတူးပေးထားတယ်။ ကျောင်းသားတွေကိုလည်း ဒါနဲ့ပတ်သက်ပြီး ကဗျာတွေသင်တာ သရုပ် ဆောင်တာမျိုး ကျောင်းတိုင်းမှာလုပ်တာရှိတယ်။ ကုသဆိုရင်လည်း ဆေးဝါးတွေအဆင်သင့် နီးရာဆေးရုံဆေးခန်းတွေ ပြင်ဆင်ထားတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းများပျက်စီး၍ ကျောင်းသားလူငယ်များ ထိခိုက်သေဆုံးရခြင်းသည် လက်ရှိ စစ်ကောင်စီနှင့်တိုက်ပွဲများဖြစ်ပွားနေသော ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ် မြေများတွင်လည်း မကြာခဏဖြစ်ပွားလာနေကြောင်း တွေ့ရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၇)ရက်နေ့ကလည်း KNU တပ်မဟာ(၅)ထိန်းချုပ်သည့် ဖာပွန်ခရိုင် အတွင်းရှိ မြို့နယ်နှစ်ခုတွင် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် ဘာသာရေးအဆောင်အဦးများ ပျက်စီးပြီး ကျောင်းဆရာ နှင့်ကျောင်းသားများ သေဆုံးခဲ့မှုဖြစ် ပွားခဲ့သည်။

ထိုဖြစ်စဥ်နှင့်စပ်လျဥ်း၍ KNU က နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီအား ပိတ်ဆို့ အရေးယူမှုများ တိုးမြှင့်ပြုလုပ်ပေးရန် စက်တင်ဘာလ(၁၁) ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် မေလအထိ KNU ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီ၏ လေကြောင်း အသုံးပြု တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းပေါင်း ၁၇ ကျောင်းထက် မနည်းပျက်စီးခဲ့ရသည်ဟု ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန -KECD ကလည်း ပြီးခဲ့သည့် ဇွန်လ ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုထားသည်။