Home သတင်း စစ်ကောင်စီ နှင့် BGF လုံခြုံရေးဂိတ်များတွင် အသက်မပြည့်သူလူငယ်များ၊ သက်ကြီးပိုင်းများသာ အသုံးပြုလာ

စစ်ကောင်စီ နှင့် BGF လုံခြုံရေးဂိတ်များတွင် အသက်မပြည့်သူလူငယ်များ၊ သက်ကြီးပိုင်းများသာ အသုံးပြုလာ

1079

အောက်တိုဘာ ၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့နှင့် လှိုင်းဘွဲမြို့သွားရာ လမ်းတစ်လျှောက်တွင် ဂိတ်ချထားသည့် စစ်ကောင်စီနှင့် နယ်ခြား စောင့်တပ်(BGF) တပ်စခန်းဂိတ်များတွင် အသက်မပြည့်သေးသည့် ကလေးငယ်များနှင့် သက်ကြီးပိုင်း တပ်ဖွဲ့ဝင်များကိုသာ အသုံးပြချထားကြောင်း ဖြတ်သန်းသွားလာနေကြသူများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၏ အဓိကကျသည့် မြို့ကြီးများအနီးတွင် လုံခြုံရေး ဂိတ် စခန်းများ ပိုမိုချထားပြီး ရံဖန်ရံခါ စစ်ဆေးမှုများပြုလုပ်ကြသလို ကုန်တင်ကားများကိုပါ ငွေကြေး ကောက်ခံမှုများပြုလုပ်နေသည့် အဆိုပါဂိတ်များတွင် သက်ကြီးရွယ်အို စစ်သားများနှင့် အသက်မပြည့် သေးသူ ကလေးငယ်များကို ပိုမိုအသုံးပြုလာကြောင်း ကုန်ကားယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းက “ အရင်ကဆို ဒီလမ်းတစ်လျှောက်က ဂိတ်တွေမှာ လူငယ်လူလတ်ပိုင်း စစ်သားတွေပဲ စောင့်တာ။ အခုကျ စစ်ကောင်စီ ဂိတ်တွေမှာဆို အဖိုးကြီးသက်သက်ပဲ။ ပြီးတော့ BGF ဂိတ်တွေကျတော့ အသက် မပြည့်တဲ့ ကလေးတွေကို ယူနီဖောင်းပေးဝတ်သေနတ်ပေးကိုင်ပြီး ပိုက်ဆံတောင်းခိုင်းနေတာ။ ဂိတ်မှာ တစ်ခုခုဖြစ်ရင် သူတို့ပဲထိမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့မှ လှိုင်းဘွဲမြို့တစ်လျှောက် ဂိတ်စခန်းအကြီးငယ် ၈ ခုခန့်ရှိပြီး အဆိုပါ ဂိတ်တချို့တွင် ဖြတ် သန်းသွားလာသည့် ကား၊ ဆိုင်ကယ်စသည့် မော်တော်ယာဉ်များကိုမကြာခဏ စစ်ဆေးမှုများ ပြုလုပ်လေ့ရှိကာ မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးမှုများလည်း ပြုလုပ်လေ့ရှိသည်။

အဓိကအားဖြင့် စစ်ဆေးဖမ်းဆီးမှုပြုလုပ်သည့်ဂိတ်များမှာ လှိုင်းဘွဲမြို့အဝင်အထွက် ဒိုင်းပြဂိတ်၊ မသိမ်ကုန်းဂိတ်၊ ဖားအံမြို့အဝင် တောင်ကလေးအနီးရှိ ဂိတ်စခန်း ၂ခု တို့ဖြစ်ပြီး ထိုသို့ စစ်ဆေးမှု ပြုရာတွင်လည်း စစ်ကောင်စီ စစ်သားများထက် ရဲများ၊ BGF တပ်ဖွဲ့ဝင်များသာ အဓိက တာဝန်ယူ စစ်ဆေးကြောင်း ဖြတ်သန်းသွားလာသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သူတို့က လူငယ်တွေဆိုရင် ပိုပြီးစစ်တယ်။ ကားဆိုရင်တော့ သိပ်မစစ်ဘူး။ ဆိုင်ကယ်သမားတွေဆို ပိုစစ်တယ်။ စစ်ပြီးဆိုရင်လည်း ရဲတွေက အဓိက စစ်တယ်။ သူတို့က တစ်ထောင်စားရ၊ နှစ်ထောင်စားရ စစ်တာပေါ့။ တခါတလေ BGF ပါတယ် အဖွဲ့စုံဆိုရင်။ ဒါပေမဲ့ စစ်သားတွေတော့ သိပ်မပါလိုဘူး။ သူတို့က အထဲကနေပဲ စောင့်ကြည့်ပေးတယ်” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်မရှိ လူငယ်အများအပြားဖမ်းဆီး ခံရမှုများကြောင့် နီးစပ်ရာတိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းထိန်းချုပ်သည့် ဒေသများတွင်း ထွက်ပြေးခိုလှုံခဲ့ကြသလို လက်နက်ကိုင်သင်တန်းများကိုပါ ရယူ၍ မြို့တွင်းအထိပါ တုံ့ပြန်တိုက်ခိုက် မှုများ ပြုလုပ်နေခြင်းကြောင့် မြို့ပေါ်လုံခြုံရေးအတွက် ယခုလို စစ်ဆေးရေးဂိတ်အများအပြားကို ချထားပြီး စောင့်ဆိုင်းဖမ်းဆီးမှုများပြုလုပ် နေကြခြင်းဖြစ်သည်ဟု သိရသည်။