Home သတင်း KTLA မီးရှို့ခဲ့သော သံသတ္တုမိုင်းလုပ်ငန်းခွင်သည် အဖွဲ့အစည်းနှင့်ပတ်သက်မှုမရှိဟု KNU ပြော

KTLA မီးရှို့ခဲ့သော သံသတ္တုမိုင်းလုပ်ငန်းခွင်သည် အဖွဲ့အစည်းနှင့်ပတ်သက်မှုမရှိဟု KNU ပြော

892
Photo: KTLA

အောက်တိုဘာလ ၉ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဒေသ သတ္တုမိုင်းတွင်း လုပ်ငန်းတစ်ခုကို ယခုလအောက်တိုဘာလ ၇ ရက်နေ့က ဗိုလ်အယ်ခွီးဦးဆောင်သည့် ကော်သူးလေအာမီ(KTLA) တပ်ဖွဲ့ ဝင်များ သွားရောက် မီးရှို့ဖျက်ဆီးခဲ့သည့် လုပ်ငန်းခွင်သည် ၎င်းတို့အဖွဲ့အစည်းနှင့်ပတ်သက်မှု မရှိ ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဘိတ်-ထားဝယ်ခရိုင်၊ (တပ်မဟာ ၄)ဘက်က ပြောဆိုသည်။

(ဒေသအခေါ်)ဖိုးလမိုင်းသတ္တုတွင်းဟု ခေါ်ဆိုသည့် အဆိုပါ သတ္တုတွင်းကို စစ်ကောင်စီ၏ ခွင့်ပြု ချက်ဖြင့်သာ KNU နယ်မြေအတွင်း လုပ်ကိုင်နေသည်မှာ (၂)နှစ်ခန့်ရှိနေပြီးဖြစ်ကာ ကေအဲန်ယူနှင့် သက်ဆိုင်မှုမရှိကြောင်းနှင့် ၎င်းလုပ်ငန်းမှ မည်သည့်အကျိူးအမြတ်မျှမရရှိကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၏ အတွင်းရေးမှူး ပဒိုစောအယ်နာက ယခုလို ပြောသည်။

“ဒီဟာက အခြေအမြစ်မရှိတဲ့စွပ်စွဲချက်ပဲ။ ကေအဲန်ယူ တပ်မဟာ(၄) ကို အထင်အမြင်လွဲမှားအောင် လုပ်တာ။ ဒီမိုင်းတွင်းက စစ်ကောင်စီရဲ့ ခွင့်ပြုချက် သက်သက်ပဲရတယ်။ တင်ဒါကနေပြီးတော့ ကေအဲန် ယူက ဘာအကျိုးအမြတ်မှ မရဘူး။” ဟု ပဒိုစောအယ်နာက ကေအိုင်စီသို့ ပြောသည်။

ဟိန္ဒားကျေးရွာ အုပ်စု၊ ဖွတ်လက်တိုရွာချောင်းဖျားတွင် တည်ရှိသည့် ၎င်းသတ္တုမိုင်းတွင်းသည် စစ် ကောင်စီနှင့် KNU ခေါင်းဆောင်အချို့တို့ ပူးပေါင်းလုပ်ဆောင်၍ လုပ်ငန်းမှ ရရှိလာသည့် အကျိုးအမြတ် များကို အကျိုးတူခွဲဝေယူနေသည့်အပြင် ၎င်းသတ္တုမိုင်းကြောင့် မြစ်ချောင်းများပိတ်ဆို့ပြီး ဒေသခံများ အခက်အခဲဖြစ်ပေါ်လာသောကြောင့် ယခုလို ဝင်ရောက်မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ရခြင်းဖြစ်ကြောင်း KTLA အဖွဲ့ထုတ်ပြန်သည့် မှတ်တမ်းရုပ်သံတွင် ဗိုလ်အယ်ခွီးက ပြောဆိုထားသည်။

၎င်းသံသတ္တုမိုင်းတွင်းသည် ၂၀၁၉ ခုနှစ်မှ စတင်ကာ ၂၀၃၀ ခုနှစ်အထိ တောင်ပိုင်းကမ္ဘာကုမ္ပဏီက အလတ်စားတူဖော်ခွင့် ရရှိထားသော်လည်း နယ်မြေလုံခြုံရေး အခြေအနေကြောင့် ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းမှစတင်ပြီး ကုမ္ပဏီတာဝန်ရှိသူများက တဖြည်းဖြည်း ရွှေ့ပြောင်းပြီး လုပ်ငန်းရပ်နား ထားရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Photo: KTLA

ထို့အပြင် သတ္တုထုတ်ယူမှုမှ ထွက်ပေါ်လာသော ကျောက်တုံး၊ ကျောက်ခဲနှင့်စွန့်ပစ်မြေစာပုံများကြောင့် အရှေ့တောနယ်ဒေသအတွင်းရှိ ချောင်းများပျက်စီးသည့်အပြင် မိုးတွင်းကာလအတွင်း ဥယျာဉ်ခြံများနှင့် တံတားများပါပျက်စီးမှုများနှင့်ကြုံတွေ့ခဲ့ရကြောင်း ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဟိန္ဒားသတ္တုတွင်း အခုမီးရှို့တာ။ ရေအားလျှပ်စစ်နဲ့ အင်္ဂလိပ်ခေတ်ကတည်းက ဖောင်းတော မီးစက် အဲဒီကလျှပ်စစ်နဲ့ သတ္တုတွင်းလည်တာ။ ချောင်းပျက်တာကတော့ အရင်ကတည်းကပဲ။ အခုမှ မဟုတ် ဘူး အခုမှစပျက်တာက ထားဝယ်ခီးဘက်က။ ပြီးတော့ ပြီးခဲ့တဲ့ တစ်ခေါက်က အရှေ့တောနယ်မှာ ရေကြီးတယ်။ ပုံမှန်မိုးကြီးလို့ တံတားပြိုတာမဟုတ်ဘဲ အာဏာသိမ်းပြီးနောက်ပိုင်း ရေနောက်တဲ့အထိ ခဲတူးနေကြတယ်။ အဲ့တော့ ရေစီးဆင်းမှုက ပုံမှန်မဟုတ်ပဲ ကမ်းနံဘေးမြေသားတွေ ပြိုလို့ တံတား လည်းအက်သွားတယ်။”ဟု ၎င်းဒေသခံက ပြောသည်။

ယခုနှစ် ဇွန်လကလည်း စစ်ကောင်စီက အမြန်ဆုံးအကောင်အထည်ဖော်ရန် ညွှန်ကြားထားလျက်ရှိသည့် ထားဝယ် မြို့နယ်၊ ဖောင်းတောရွာရှိ ရေအားလျှပ်စစ်စီမံကိန်းဟောင်းမှ အဆောက်အအုံ၊ စက်ပစ္စည်းနှင့် ဘတ်ဖိုးယာဉ်များကို KTLA ဘက်က မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။