Home သတင်း လယ်ယာမြေများ ရေနစ်မြှုပ်၍ စိုက်ပျိုးသည့် စပါးပင်များသေဆုံးမှာကို လယ်သမားများ စိုးရိမ်

လယ်ယာမြေများ ရေနစ်မြှုပ်၍ စိုက်ပျိုးသည့် စပါးပင်များသေဆုံးမှာကို လယ်သမားများ စိုးရိမ်

944

စက်တင်ဘာ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်း ရေကြီးပြီး ဒေသအတွင်းရှိ လယ်အများစုတွင် ရေနစ်မြှုပ်မှုဖြစ်ပေါ်၍ စိုက်ပျိုးထားသော စပါးပင်များ ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်နေရကြောင်း ဒေသခံလယ်သမားများက ပြောသည်။

ထားဝယ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့မှစတင်ကာ ယနေ့အချိန်ထိ အဆက်မပြတ် မိုးဆက်တိုက်ရွာသွန်းနေပြီး ၎င်းမိုးရေများကြောင့် တောင်ကျချောင်းရေများ အလုံးအရင်းနှင့် ကျဆင်း လာကာ လယ်အတွင်းသို့ ဝင်ရောက်၍ ထားဝယ်မြို့ပေါ်ရှိ ဧကထောင်နှင့်ချီသည့် လယ်ယာမြေများ နစ်မြှုပ်သွားကြောင်း ထားဝယ်မြို့ခံ လယ်သမားတစ်ဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ရက်ကစပြီးတော့ မိုးတွေပြန်ရွာလာတာ အဆက်မပြတ်ပဲ။ အခုလည်း ရွာနေတုန်းပဲ။ ချောင်းနဲ့နီးတဲ့လယ်တွေဆို အကုန်မြှုပ်ပဲ။ စိုက်ထားတဲ့စပါးတွေက သက်ကြီးမျိုးတွေဆိုတော့ ရေနစ်တာ ကြာရင် ရှုံးပြီးပဲ။ ဒီကစပါးတော်တော်များများစိုက်ထားတာလည်း မကြာသေးဘူး။ အခုမှ နှစ်လ သားလောက်ပဲ ရှိသေးတာ။ စပါးဈေးတွေကလည်း တက်နေတာနဲ့။ တစ်မြို့လုံးနီးပါးက လယ်တွေမြှုပ်ကုန်တာ။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ထားဝယ်မြို့ပေါ်တွင်လည်း ဆန်ဈေးနှုန်းများမှာ တစ်လထက်တစ်လ မြှင့်တက်လာပြီး ကိုယ်ပိုင်စပါး စိုက်ခင်းရှိသော်လည်း ဆန်များကိုဈေးကြီးပေး၍ ဝယ်ယူစားသောက်နေရသောကြောင့် စပါးစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်သူများအနေဖြင့် ဝင်ငွေမရှိသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းလည်း အခြားလယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“အခုကစပါးတွေမြှုပ်ကုန်တော့ လတ်တလော ဘာလုပ်ရမှန်းမသိသေးဘူး။ အခုမှစိုက်ခါစ ဝင်ငွေ မရှိ တော့ ဆန်ကိုဝယ်စားဖို့က ဒုက္ခရောက်တာပေါ့။ အိတ်လိုက်ဝယ်မစားနိုင်ဘူး။ တစ်ခါဝယ်ရင် အထုပ် လေးတွေနဲ့ပဲ။ ရှစ်ဗူး၊ လေးဗူး အဲ့လိုပဲဝယ်စားနေရတယ်။”ဟု ၎င်းလယ်လုပ်ငန်းလုပ်ကိုင်သူက ကေအိုင်စီ သို့ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUGကလည်း ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံအတွင်းရှိ အထူး သဖြင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့တွင် စက်တင်ဘာလ (၄)ရက်မှ (၁၀)ရက် နေ့အတွင်း မိုးများခြင်းကြောင့် ရေကြီးနိုင်ကြောင်း အသိပေး ထုတ်ပြန် ထားသေးသည်။

ထို့အပြင် မိုးကြီးခြင်းနှင့်အတူ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ဆက်စပ်မြစ်ချောင်းများတွင် မြစ် ရေကြီးခြင်း၊ မြို့ပြ၊ ကျေးရွာများတွင် ရေဘေး၊ မြေပြိုဘေးနှင့် လမ်းတံတားများ ထိခိုက်ပျက်စီးခြင်း များကို သတိပြုသွားလာနေထိုင်သင့်ကြောင်းကိုလည်း NUG၏ ထုတ်ပြန်ချက်တွင် ဆက်လက်သတိပေးထားသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင်လည်း မြန်မာနိုင်ငံဒေသတချို့တွင် မိုးကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လမ်းတံတားအချို့ ပျက်စီးကာ ဧကသောင်းနှင့်ချီသည့် လယ်ယာစိုက်ပျိုးနေရာများ ရေနစ်မြှုပ်မှု ဖြစ်ပေါ်ခဲ့သေးသည်။