စက်တင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဆန်ဈေးနှုန်းအဆမတန် မြင့်တက်သည့်အပြင် တိုက်ပွဲများကြောင့် ဒေသခံကျေးရွာသားများအနေဖြင့် ဆန်ဝယ်ယူရာတွင် လည်း အခက်ခဲများကြုံတွေ့နေရကြောင်း ကော့ကရိတ်ဒေသခံများက ပြောသည်။
ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲများကြောင့် လယ်ယာစပါးများ လုပ်ကိုင်ကြရန် ခက်ခဲလာသည့်အတွက် မြို့ပေါ်ဆန်များကို ဝယ်ယူရာတွင် စျေးနှုန်း အဆမတန် ပေးဝယ်နေရသလို ကျေးရွာများတွင်လည်း ဆန်ရောင်းချသူမရှိ သလောက်နည်းပါးပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားသဖြင့် ဝယ်ယူရေးအတွက် အခက်အခဲ များရှိနေကြောင်း ဒေသခံများက ပြောသည်။
သာယာကုန်းဒေသခံတစ်ဦးက”ရွာမှာလယ်လုပ်ကြတာက မိသားစုစားဖို့ပဲ လုပ်ကြတာများတယ်။ စပါးပိုနေမှ ရောင်းကြတာ။ အခုခေတ်ကာလမကောင်းတော့ သိပ်မရောင်းကြတော့ဘူ။ လယ်မလုပ်တဲ့သူတွေက ကော့ ကရိတ်ကဆန်ပဲ ဝယ်စားရတယ်။ တိုက်ပွဲလည်းဖြစ် မိုးတွင်းလမ်းလည်းမကောင်းတော့ ခက်ခက်ခဲခဲနဲ့လိုက် ရှာဝယ်ယူရတယ်”ဟု ကေအိုင်စီသို့ပြောသည်။
စစ်တပ်အာဏာသိမ်းသည့် ၂နှစ်ကျော်အတွင်းတွင် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်း အသီးသီးမြင့် တက်လာ သလို ကော့ကရိတ်ဒေသတွင် တိုက်ပွဲမကြာခဏဆိုသလို ဖြစ်ပွားနေသောကြောင့် ဒေသခံ ကျေးရွာသားများ အနေဖြင့် အသက်မွေးဝမ်းကျောင်းပြုရာတွင် ယခင်ကထက် ပိုမိုခက်ခဲလာကြောင်း ဒေသခံများ ကပြောသည်။
“အာဏာသိမ်းပြီးကတည်းက ကုန်ဈေးနှုန်းတွေအမြဲတက် ဈေးတက်လာတယ်။ ဆန်ဆိုလဲ တစ်တင်းခွဲ တစ်အိတ် ကို ၂သောင်းကျော်ကနေ ၇သောင်းကျော်ထိရှိလာတယ်။ တိုက်ပွဲကလည်းအမြဲဖြစ်တော့ အလုပ်အကိုင်လည်း လုပ်လို့မရဘူး။ အသက်မွေးဝမ်းကျောင်းရတာတော်တော်ခက်ခဲတယ်” ဟု ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ကော့ကရိတ်ဒေသတွင် ဆန်များကို သယ်ယူရာတွင်လည်း စစ်ကောင်စီဘက်က ဆန်အိတ် ၂ အိတ်ထက် ပိုသယ်ခွင့်မပြုဘဲ ၂ အိတ်ထက် ပိုသယ်ယူသည်ကို တွေ့ရှိလျှင် အဆိုပါ ဆန်အိတ်များကို သိမ်းယူကြောင်းလည်း ဒေသခံများက ဆိုသည်။
အလားတူ ကော့ကရိတ်မြို့ နှင့် မြို့အနီး ကျေးရွာများတွင် နယ်မြေခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)တို့အကြား တိုက်ပွဲများ အမြဲလိုလိုဖြစ်ပွားနေသလို စစ်ကောင်စီဘက်မှ မြို့အနီးရှိကျေးရွာများကို လက်နက် ကြီးဖြင့် ပုံမှန်ပစ်ခတ်နေသောကြောင့် ဒေသခံအချို့မှာ လယ်လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ဘေးလွတ်ရသို့ ယနေ့အချိန်ထိတိမ်းရှောင်နေကြရကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်ရှိ ဒေသခံကျေးရွာသားအများစုသည် တစ်နိုင်တစ်ပိုင် လယ်လုပ် ကြသော်လည်း လုံလောက်မှုမရှိသောကြောင့် ကော့ကရိတ်မြို့မှဆန်များကို အဓိက မှီခိုဝယ်ယူစားသောက်ကြရသည်။
လတ်တလောတွင် တိုက်ပွဲများ အမြဲလိုလိုဖြစ်ပွားသည့်အပြင် စစ်ကောင်စီတပ်မှ မြို့ အဝင်လမ်းများ ဖျက်ဆီးခြင်း၊ ပိတ်ထားခြင်းနှင့် သွားလာသည့် ဒေသခံများကို စစ်ဆေး မေးမြန်းခြင်းတို့ကြောင့် ကော့ကရိတ်မြို့သို့ ကုန်ပစ္စည်းသွားရောက်ဝယ်ယူရန် စိုးရိမ် စိတ်ဖြင့် သွားလာနေရကြောင်းလည်း ဒေသခံများက ပြောသည်။



















