Home သတင်း စစ်ကောင်စီတပ်သား နှစ်ဦး ကေအဲန်ယူ တပ်မဟာ ၃ ထံ လက်နက်ချ

စစ်ကောင်စီတပ်သား နှစ်ဦး ကေအဲန်ယူ တပ်မဟာ ၃ ထံ လက်နက်ချ

636
Photo: KNU

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃)၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင် ဆောထိမြို့နယ်ရှိ သံဆိပ်စခန်းအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ−၃၅၀) မှ တပ်သား နှစ်ဦးသည် စက်တင်ဘာလ ၁၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ထံ လက်နက်ချအလင်းဝင်ရောက်လာကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည်။

ကေအဲန်ယူထံ လက်နက်ချလာသူ စစ်ကောင်စီတပ်သား နှစ်ဦးမှာ အသက် ၂၅နှစ်အရွယ် မောင်ဒဿ ကိုယ်ပိုင်နံပါတ် (တတ−၁၂၆၇၂၅) နှင့် အသက် ၂၁နှစ်အရွယ် မောင်ဖြိုးကိုကို ကိုယ်ပိုင်နံပါတ် (တတ− ၁၂၇၈၃၉) တို့ ဖြစ်ပြီး ၎င်းတို့နှင့်အတူ MA1 တစ်လက်၊ MA2 တစ်လက်နှင့် ကျည်ဆံ ၂၃၇ တောင့်ကို လည်း ယူဆောင်လာခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ဘက်ပြောင်း ခိုလှုံလာသည့် စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း KNLA ဘက်မှ တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀ စီပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း ကေအဲန်ယူက ပြောသည်။

Photo: KNU

ကေအဲန်ယူထိန်းချုပ်နယ်(၇) ခုရှိသည့်အနက် တပ်မဟာ(၁)၊ တပ်မဟာ (၂)၊ တပ်မဟာ(၃)၊ တပ်မဟာ (၄)၊ တပ်မဟာ(၅) နှင့် တပ်မဟာ(၆) နယ်မြေများအတွင်း နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ် ကောင်စီ၏ တပ်စခန်းအချို့ သိမ်းယူခံမှုများရှိသလို စစ်ကောင်စီတပ်သားများ ဖမ်းဆီးခံရခြင်းနှင့် လက်နက်ချမှုများလည်း မကြာခဏရှိသော်လည်း ဘက်ပြောင်းခိုလှုံလာသည့် အရေအတွက်အတိအကျ ကိုမူ ထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရသည်။

အလားတူ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ဒေသအသီးသီးမှ စစ်ကောင်စီတပ်၏ လက်အောက်ခံ ဌာန ဆိုင်ရာဝန်ထမ်းများ ကေအဲန်ယူ နယ်မြေအတွင်းသို့ ဝင်ရောက်ခိုလှုံသူအများအပြားရှိခဲ့ကြပြီး တချို့မှာ စစ်ကောင်စီတပ်ဘက်သို့ ပြန်လည်ဘက်ပြောင်းသွားသူများလည်းရှိနေကြောင်း သက်ဆိုင်ရာအ ဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်အရ သိရသည်။