စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ဖာလာအထွက်များသည့် ဒေသတစ်ခုဖြစ်သည့် သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ လမ်းသွားလမ်းလာ အရပ်သားပြည်သူများကို စစ်ဆေးမေးမြန်းမှုများ တင်းတင်းကြပ်ကြပ်လုပ်ဆောင် သည့်အတွက် စစ်ရှောင်နေရသည့် ဖာလာစိုက်တောင်သူများ ၎င်းတို့ခြံသွားရန် အခက်ကြုံနေကြ ရသည်ဟု ဒေသခံထံမှ သိရသည်။
ယခုစက်တင်ဘာလတွင် ဖာလာများအသီးထွက်ပြီး ခူးယူရသည့်အချိန်တွင် စစ်ရေးပဋိပက္ခကြောင့် အခြားနေရာသို့ စစ်ရှောင်နေကြရသည့် တောင်သူများသည် ၎င်းတို့ဖာလာခြံပြန်သွားရာတွင် စစ်ကောင်စီ ဂိတ်များမှ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်သည့်အတွက် အခက်အခဲကြုံတွေ့နေရသည်ဟု ပြောသည်။
စစ်ရှောင်နေရသည့် ဒေသခံအမျိုးသမီးတစ်ဦးက “ကျမတို့ သံတောင်၊ လိပ်သိုမှာရှိတဲ့လူထုတွေက ဖာလာစိုက်တာများတယ်။ အခုက ခြံထဲပြန်သွားရင်လည်း အစစ်ဆေးများတော့ ခက်ခဲတယ်။ ပြီးတော့ ခြံထဲမှာနေရင်လည်း မလုံခြုံတော့ဘူး။ ပြီးတော့ ပစ်ခတ်မှုတွေရှိတဲ့ နေရာတွေ တပ်စခန်းနဲ့ နီးတဲ့ နေရာတွေဆိုရင် လုံးဝကိုပြန်မလုပ်ရဲတော့ဘူး။ ဒီလိုပဲထားလိုက်ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
သံတောင်ကြီးမြို့နယ်တွင် စစ်တပ်အာဏာမသိမ်းခင်တွင် ဖာလာတစ်ပိဿာကို ကျပ်တစ် သောင်း ကျော်မှ နှစ်သောင်းအထိစျေးရရှိသော်လည်း လက်ရှိတွင် ခြောက်ထောင်ကျော်သာ စျေးနှုန်း ရှိတော့သည်ဟု နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
“အရင်တုန်းက တစ်ပိဿာကို နှစ်သောင်းအထိရတယ်။ မနှစ်တုန်းကတော့ ကိုးထောင်ကအများဆုံးပဲ။ ဒီနှစ်က အခုမှအသီးစခူးတော့ ကုန်သည်တချို့ကပြောတာကတော့ တစ်ပိဿာကို ၆၅၀၀ လောက်ပဲ စျေးရှိတော့တယ်လို့ သူတို့က ခန့်မှန်းထားတယ်။”ဟု ၎င်းဒေသခံအမျိုးသမီးက ပြောသည်။
ကရင်ပြည်နယ်မှ ထွက်ရှိသည့် ဖာလာများကို တောင်ငူ၊ ရန်ကုန်ပွဲရုံမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချခြင်းဖြစ်ပြီး ယခင်က ဖာလာစေ့ပိဿာချိန် နှစ်စဉ် ၂ သန်းဝန်းကျင် ထုတ်ရောင်းနိုင်ခဲ့ကြောင်း၊ ကရင်ပြည်နယ်ထဲတွင် ဖာလာစိုက်ပျိုး မြေဧက ၇၅,၀၀၀ ဧကရှိခဲ့ကြောင်း မြန်မာ့ချဉ်ပေါင်ဖာလာအဖွဲ့ ချုပ်က ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ထားသည်။
သံတောင်ကြီးဒေသရှိ ဒေသခံလူထုများသည် ဖာလာစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြု ကြသည့် အပြင် ကွမ်းသီး၊ ကော်ဖီနှင့် လက်ဖက်များလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ စစ်တပ်အာ ဏာသိမ်း ပြီးနောက်ပိုင်းတွင် နယ်မြေအတွင်း တကျော့ပြန် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံ တောင်သူ များသည် နေ့ရပ်စွန့်ခွာထွက်ပြေးနေရပြီး အများစုမှာ ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံထံမှ သိရသည်။



















