စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဘက်တွင် ကွမ်းသီးဈေး များဆက်တိုက်ကျဆင်းပြီး ဈေးကောင်းမရသဖြင့် ကွမ်းသီးနှင့်အဓိက အသက်မွေးဝမ်း ကျောင်းပြု လုပ်သည့် ကွမ်းသီးစိုက်တောင်သူများသည် စားဝတ်နေရေး ပို၍ခက်ခဲလာနေကြောင်း ကွမ်းသီးခြံပိုင် ရှင်များက ပြောသည်။
ကွမ်းသိမ်းစျေးကောင်းမရသည်မှာ သုံးနှစ်ဝန်းကျင်ခန့်ရှိလာနေပြီဖြစ်၍ ကွမ်းသီးဖြင့်သာ အဓိက အသက် မွေးကျောင်းပြုနေကြသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်းပိုင်းဒေသရှိ ကွမ်းသီးစိုက် တောင်သူများသည် စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြရကြောင်း ပြောဆိုကြသည်။
ကော့ကရိတ်မြို့နယ်ရှိ ကွမ်းသီးခြံရှင်တစ်ဦးက “ဈေးမရတာ သုံးနှစ်လောက်ရှိပြီး။ ဈေးမကောင်းတော့ မနှစ်ကကွမ်းသီးတောင် အခုထိမရောင်း ရသေးတဲ့သူရှိတယ်။ ကွမ်းသီးကို အဓိကမှီခိုတဲ့ ကွမ်းခြံ သမားတော့ စားဝတ်နေရေးမှာ အခက်အခဲရှိတာပေါ့”ဟု ပြောသည်။
အလားတူ ကွမ်းသီးဈေးကောင်းမရသဖြင့် အပင်ပေါ်တက်ခူးယူမှုမလုပ်တော့ဘဲ အသီးကြွေကျမှသာ ကောက်ယူနေရကြာင်းလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကွမ်းခြံရှင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ကျမတို့က ကွမ်းသီးခူးတာ လူငှားရတယ်။ ခူးပြီးပြန်ကောက်ရင်လည်းလူငှားရတယ်။ ကွမ်းသီး ဈေးမရှိတော့ လူမငှားနိုင်တော့ဘူး။ အမှည့်ကြွေတာကိုပဲစောင့်ပြီးကောက်တော့တယ်”ဟု ၎င်းက ပြောသည်။
စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ကာလတွင် အမျိုးအစားအပေါ်မူတည်၍ ကွမ်းသီးတစ်ပိဿာလျှင် ၅၀၀၀ ကျပ်အထက်တွင်ရှိပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ကွမ်းသီးဈေးများ ဆက် တိုက်ကျဆင်းကာ ယခုနှစ်တွင်မူ ရှယ်သီး(နေလှန်းအဖြူသီး)သာ ၃၀၀၀ ကျပ်ဝန်းကျင်ဈေးရရှိနေပြီး မီးကင်သီးကို တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့်သာရရှိနေကြောင်း ကွမ်းသီးစိုက်တောင်သူများက ပြောသည်။
မြန်မာနိုင်ငံရှိ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ကွမ်းသီးအများဆုံးထွက်ရှိနေပြီး ကွမ်းသီးဈေးမကောင်းသောကြောင့် ကွမ်းသီးဖြင့်မှီခိုအသက်မွေးဝမ်းကျောင်းပြုကြ သည့် အခြေခံ လူတန်းစားများမှာ စားဝတ်နေရေးအဆင်မပြေဘဲ ပို၍ကြပ်တည်းလာနေကြောင်း သိရသည်။
ထို့အပြင် လတ်တလော စားသောက်ကုန်ဈေးနှုန်းများအသီးသီးမြင့်တက်ချိန်တွင် ကွမ်းသီးနည်းတူ ဝဥဈေးနှုန်းသည်လည်း ဈေးကောင်းမရဘဲ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်သာရရှိနေကြောင်း ဒေသခံများထံမှ သိရသည်။



















