စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်ကောင်စီ အုပ်ချုပ်ရေးနေရာများ တိုက်ခိုက်မခံရရေးအတွက် မြို့တွင်း လုံခြုံရေးကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ပြီး စောင့်ကြည့်စစ်ဆေးဖမ်းဆီးမှုများ ပိုလုပ်လာ နေသည်ဟု ဖားအံစစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းမိသားစုဝင်များက ပြောသည်။
သံလွင်တံတားဖောက်ခွဲ တိုက်ခိုက်ခံရမှု၊ မြဝတီရဲရုံးတိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီဌာန ဆိုင်ရာရုံးများ လုံခြုံရေးကို အဓိကထားပြီး လုပ်ဆောင်နေသလို ရပ်ကွက်၊ ဈေးနှင့် အများပြည်သူ သွားလာစားသောက်သည့် နေရာတိုင်းတွင်လည်း စစ်တပ်သတင်းပေးများနေ့စဉ် စောင့်ကြည့်ရန် ထားရှိထားခြင်းကြောင့် အထင်အမြင်လွဲမှားပြီး ဖမ်းဆီးစစ်ဆေးခံရမည်ကို ဒေသခံ များနှင့် ဝန်ထမ်းမိသားစုများ စိုးရိမ်နေရကြောင်း စစ်ကောင်စီဝန်ထမ်း မိသားစုဝင်တစ်ဦးက ပြောသည်။
၎င်းစစ်ကောင်စီဝန်ထမ်းမိသားစုဝင်က “အရင်လို စစ်တပ်ရုံးတွေကို အပြင်လူအဝင်အထွက် ပေးမ လုပ်တော့ဘူး။ တော်တော် စစ်ဆေးတယ်။ ကြိုသတင်းပို့ ခွင့်ပြုချက်တောင်းမှ ဝင်ခွင့်ပေးပြီးရုံးအလုပ် ဌာနဆိုင်ရာ အလုပ်တွေလုပ်လို့ရတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလော ဖားအံမြို့ခံများအနေဖြင့် အပြင်ထွက်သွားလာရာတွင် စစ်တပ် ထောက်ခံ သူများနေထိုင်သွားလာ စားသောက်မှုရှိသည့် နေရာများအားရှောင်ရှား သွားလာနေကြရကြောင်း၊ လူစည်ကားရာ နေရာများတွင်လည်း သတင်းပေးများစောင့်ကြည့်နေသည့်အတွက် နေအိမ်ပြင်ပ သွားလာမှုကို ဂရုစိုက်ပေါင်းသင်းဆက်ဆံနေထိုင်နေကြရကြောင်း မြို့ခံတစ်ဦးကလည်း ပြောသည်။
“ကိုယ့်အိမ်က လမ်းမတန်းဆိုတော့ စစ်တပ်အုပ်စုတွေ ပတ်နေတာ၊ ဆိုင်ထိုင်ပြီး စောင့်ကြည့်နေတာက အမြဲမြင်နေရတယ်။ ညဆိုလည်း ပတ်နေတယ်၊ စစ်ဆေးနေတယ်ဆိုတော့ သိပ်အပြင် မထွက်ဖြစ် တော့ဘူး။ အထင်မှားအမြင်မှားပြီး ဖမ်းခံစစ်ခံရမှာ မဖြစ်ချင်ဘူး။ အခုဆို သူတို့ထိုင်နေရင် အဲ့လက် ဖက်ရည်ဆိုင်စျေးဆိုင် လူမလာတော့ဘူး၊ ညဆို စားသောက်ဆိုင်တွေဆိုလည်း သူတို့ ထိုင်သောက် ထိုင် စားကြတာ ကလွဲလို့ မြို့ခံတွေသိပ်မသွားကြဘူး။ တခြားနယ်က လာလည်သူတွေ လောက်ပဲ ထိုင်ကြစားကြတယ် ”ဟု ၎င်းဖားအံမြို့ခံက ပြောသည်။
ကရင်ပြည်အတွင်း စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်တိုက်ပွဲဝင်နေကြသည့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းမဟာမိတ်တပ်များ၊ စစ်ကြောင်းများက ဒရုန်း၊ လက် နက်ကြီး၊ ပြောက်ကျားတိုက်ခိုက်မှုများဖြင့် နေ့စဥ်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီတပ်များ အထိနာနေသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဆိုသည်။
ထို့ကြောင့် ဖားအံမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ အုပ်ချုပ်ရေးရုံး နေရာများ တိုက်ခိုက်မခံရရေး တပ်ဘက်၊ အရပ်ဘက် အင်အားသုံးကာ လုံခြုံရေးပိုလုပ်ဆောင်လာနေခြင်းဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောဆိုသည်။



















