စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ၊ ပိတပ်ကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း (Palaw People’s Defence Force-PPDF) တို့အကြား ၈နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PPDF က ယမန့်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် (၅) နာရီ ဝန်းကျင်မှစ၍ ပိတပ်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေထိုင်သည့် အင်အား(၃၀)ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PPDF တို့ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ (၁)ဦး သေဆုံးကာ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PPDF၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခုလိုပြောသည်။
“ ပိတပ်ရွာကတော့ သူတို့ အုပ်ချုပ်ရေး ယန္တရား မသက်ရောက်တဲ့ နယ်မြေပါ။ ကျနော်တို့ဘက်ကလည်း ရာနှုန်း ပြည့်ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေမျိုးတော့ မဟုတ်ပါဘူး။ ကြားခံနယ်မြေလို့တော့ ပြောရမယ်။ ပြည်သူ တွေကို အသိပေးချင်တာက စစ်ရေးသတိ အမြဲရှိနေဖို့။ သတင်းတွေ အမြဲနားစွင့်ထားဖို့။ တိုက်ပွဲဖြစ်လာရင် အလွယ်တ ကူရှောင်ရှားလို့ရအောင် အရေးပေါ် ရိက္ခာတွေ ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်။” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် ပိတပ်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲသည့် ၎င်းစစ်ကောင်စီတပ်သည် ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးကြောင်းလည်း PPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပိတပ်ကျေးရွာသည် ပင်လယ်နှင့်နီးစပ်လျက်ရှိသောကြောင့် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များဘက်မှ လက်နက်ကြီးများအပြင် ရေတပ်စစ်သင်္ဘောများမှ အမြှောက်ပစ်ကူများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးကြောင်း PPDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းလက်နက်ကြီးပစ်ခတ်မှုများကိုလည်း ညအချိန်ထိ ဆက်လက်ပစ်ခတ်ခဲ့ပြီး ထိုလက်နက်ကြီးကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း PPDF ၏ ပြောခွင့်ရက ဆိုသည်။



















