Home သတင်း ကမမောင်းထွေအုပ်ရုံး အစည်းအဝေးလုပ်နေစဉ် ဗုံးကြဲချခံရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးသေဆုံး

ကမမောင်းထွေအုပ်ရုံး အစည်းအဝေးလုပ်နေစဉ် ဗုံးကြဲချခံရ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးသေဆုံး

660
Photo: Positive Angle News

စက်တင်ဘာ ၇ ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ခွဲထွေအုပ်ရုံးအစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့်ဗုံးကြဲချခံရ၍ ရပ်ကွက်(၄)၏ အုပ်ချုပ်ရေးမှူးစိုးမင်းဆိုသူ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဖာပွန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က‌ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံး ထွက်ခွာပေး ရန်ထုတ်ပြန်ထားမှုကို လိုက်နာခြင်းမရှိသဖြင့် စစ်ကောင်စီထောက်တိုင်များအား ယခုလို သတိပေးခြင်းဖြစ်ကြောင်း (PPDF)သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

၎င်းဗုံးကြဲချတိုက်ခိုက်မှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဖာပွန်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ Bridgade 1- Bridage Drone Force(B1BDF)တို့ ပူးပေါင်းလုပ် ဆောင် ခြင်းဖြစ်ပြီး အစည်းအဝေးတက်ရောက်လာသူများ ထိခိုက်ဒဏ်ရာရကြကာ ရပ်ကွက် ၄ ၏ အုပ်ချုပ် ရေးမှူးမှာ နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း (PPDF)ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ-မူတြော်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား မိမိတို့ရာထူးမှထွက်ခွားပေးရန် KNU မူ‌တြော်ခရိုင်မှ ပြီးခဲ့သည့် သြဂုတ်လ (၈)ရက်နေ့တွင် ထပ်ဆင့်အသိပေးစာ ထုတ်ပြန်ထားသေးသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက်နေ့ ည ၆နာရီခွဲကျော်အချိန်တွင်လည်း မြဝတီမြို့ခရိုင်ရဲ စခန်းဒရုန်းဖြင့် ဗုံးသီးချခံရမှုကြောင့် မြဝတီစစ်ဒေသရှေ့တန်းမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် (၆) ဦးသေဆုံးပြီး ခရိုင်ရဲမှူးအပါအဝင် ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Photo: Positive Angle News