Home သတင်း နှစ်ဖက်တိုက်ပွဲကြောင့် ဖာပွန်ဒေသရှိ ဒေသခံများ တောင်ယာဥယျာဉ်ခြံများ မသွားနိုင်

နှစ်ဖက်တိုက်ပွဲကြောင့် ဖာပွန်ဒေသရှိ ဒေသခံများ တောင်ယာဥယျာဉ်ခြံများ မသွားနိုင်

370
Photo: Crd.

စက်တင်ဘာ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် နယ်ခြားစောင့်တပ် (BGF)၊ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ၎င်းနယ်မြေအတွင်းရှိ ကျေးရွာနေ လယ်ယာနှင့်ခြံ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိတော့ကြောင်း ဖာပွန်ဒေသခံများက ပြောသည်။

အဆိုပါ ဒေသတွင် သယ်ယူပို့ဆောင်ရေးအရ ကုန်းလမ်းနှင့် ရေးလမ်း ၂ ခုလုံးကို ဖြတ်တောက်ခံထားရခြင်းအပြင် နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် ကျေးရွာနှင့် တောင် ယာဥယျာဉ်ခြံမြေများအတွင်း ကျရောက်ပေါက်ကွဲမှုများရှိသည့်အတွက် တောင်ယာလယ်မြေထဲသို့ မသွားရဲ ကြတော့ကြောင်း ဖာပွန်ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဖာပွန်မှာက KNU နဲ့စစ်တပ်တွေက တိုက်ပွဲခဏခဏဖြစ်နေတော့ စခန်းကုန်းတွေကနေ ရွာထဲကို လက် နက်ကြီးပြန်ပစ်တာ ကိုင်းခြံတွေ စပါးခင်းထဲတွေကို ကျတယ်။ အခုက မြေပဲစိုက်မယ့်အချိန်ကို ရောက်နေပြီး။ ဒါမဲ့တောင်သူတွေခြံထဲကို မဆင်းရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲဖြစ်တဲ့အချိန်ဆို ကြားညှပ်မှာစိုးလို့လေ။ ပြီးခဲ့တဲ့တစ်ပတ်လောက်က ကျမတို့ရွာက ကိုင်းထဲမှာလယ်ဆင်းလုပ်တာ တိုက်ပွဲဖြစ်တဲ့အချိန်နဲ့ ဆုံပြီး လက်နက်ကြီးထိသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ဖာပွန်မြို့တွင် ဆန်ကြမ်းတစ်အိတ်လျှင် ၂ သိန်းကျပ်အထိရှိလာပြီး သယ်ယူပို့ဆောင်ရေးလမ်း ကြောင်းဖြစ်သည့် ကုန်းလမ်း၊ ရေလမ်းများကိုလည်း ပြီးခဲ့သည့် မေလမှစ၍ BGF နှင့် စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ထားသောကြောင့် အခြေခံစားသောက်ကုန်များကိုလည်း ဝယ်ယူ၍မရဘဲ စားသောက်ကုန် ပြတ်လပ်သည့် အခြေအနေကို ကြုံတွေ့ နေရကြောင်းလည်း ဖာပွန်မြို့ခံများက ဆိုသည်။

“လမ်းပိတ်တာပိုဆိုးတယ်။ တိုက်ပွဲဖြစ်တာက ဖြစ်တဲ့ခဏကျရင် ရှောင်နေလို့ရသေးတယ်။ အစားအသောက် တွေ ကုန်စျေးနှုန်းတွေကလည်း စျေးတက်နေတော့ ဘာမှဝယ်မရဘူး။ ကြက်ဥတောင်ဝယ်မရဘူး။ အခု ငါး သေတ္တာတောင် နည်းနည်းရှိသေးတယ်။ မုန့်ဆိုင်တွေဘာတွေရော ဘာမုန့်မှမရှိတော့ဘူး။ တကယ်လို့ဒီတိုင်းပဲ လမ်းဆက် ပိတ်မယ်ဆို ၃ လလောက်ဆိုရင်တော့ အကုန်ပြတ်မှာပဲ”ဟု ဖာပွန်မြို့ခံ တစ်ဦးက ပြောသည်။

ထို့အပြင် ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီတပ် နှင့် သက်ဆိုင်ရာ ဌာနရုံးများရှိ ဝန်ထမ်းများသည် ကျေးရွာအတွင်း ရှိ တောင်သူလယ်သမားများ၏ စပါးများကို ရသည့်စျေးဖြင့် ဝယ်ယူစားသောက်နေကြကြောင်းလည်း ဖာပွန်မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

ယခုလို သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပိတ်ဆို့ခံထားရ၍ ဆန်ပြတ်လပ်မှုလာသည့် ဒေသခံပြည် သူများအ နေဖြင့် စပါးရှိသည့်နေအိမ်များမှ ဝေမျှစားသောက်နေရသလို ဖာပွန်မြို့တွင်းရှိ တစ်ချို့ပြည်သူများသည်လည်း နီးစပ်သည့်နေရာများထဲသို့ ပြောင်းရွှေ့သွားကြကြောင်း ကေအဲန်ယူ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောဆိုထားသည်။

၎င်းက “အထူးသဖြင့်မြို့ထဲမှာ နေတဲ့လူတွေကပိုပြီးဒုက္ခရောက်တယ်။ လမ်းကြောင်းက စစ်ကောင်စီကလည်း ပိတ်ထားသလို မိုးရွာတော့ တံတားတွေလမ်းတွေလည်း ပျက်စီးတော့ မြို့ထဲမှာရှိတဲ့ပြည်သူတွေက ဝေစားမျှ စားရတာ တွေရှိတယ်။ ရေလည်းကြောင်းမှာလည်း စက်လှေတွေသွားတာမရှိဘူး။ ဒါပေမဲ့ ဖာပွန်မြို့ထဲမှာတော့ လူထု သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်။ ကျန်တာက တောင်ပေါ်ဘက်တွေကို နေရာပြောင်း ကုန်ပြီး”ဟု ပြောသည်။

ကရင်ပြည်နယ် ဖားအံမြို့မှတဆင့် ဖာပွန်−ကမမောင်းသို့ သွားသည့် ဝါးဘိုးတော လမ်းပိုင်းတစ်လျှောက်တွင် လည်း စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ BGF တပ်များက မြေမြှုပ်မိုင်းများ ထောင်ထားလျက်ရှိပြီး ၎င်းမိုင်းများနင်းမိ၍ ဒေသခံတချို့ ထိခိုက်သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဖာပွန်မြို့နည်းတူ ဖားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး၊ မြဝတီနှင့် ကော့ကရိတ်စသည့် မြို့များ တွင်လည်း ကုန်စျေးနှုန်းများ မြင့်တက်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။