စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း စစ်ရေးပဋိပက္ခပြင်းထန်နေသည့် တိုင်းရင်းသားနယ်မြေများ တွင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဆေးကုသမှုလက်လှမ်းမမီနိုင်သည့် မိခင်နှင့်ကလေးများအား ကျန်းမာရေးစောင့်ရှောက်ပေးမည့် ကျန်းမာရေးလုပ်သား ၃၂ ဦးမွေးထုတ်ပေးသည့် သင်တန်းဆင်းပွဲကို ယနေ့ ထိုင်း-နယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့သည်။
ကရင်၊ ကချင်၊ ချင်းနှင့်ရှမ်းစသည့် ဒေသများတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရသည့် အရပ်သားပြည်သူများအနေဖြင့် ဆေးရုံဆေးခန်းများမရှိခြင်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုများကြောင့် မိခင်နှင့်ကလေးအပါအဝင် အချိန်မီဆေးကုသခွင့်မရရှိဘဲ အသက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ကို ကာကွယ်ကုသပေးနိုင်ရန် ယခုလို ကျန်းမာရေးလုပ်သားများကို မွေးထုတ်လိုက်ခြင်းဖြစ်ကြောင်း နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWT အဖွဲ့ ဒါရိုက်တာ စောဝင်းကျော်က ယခုလို ပြောသည်။
“အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲကြောင့် ဒေသခံတွေ ဒုက္ခအမျိုးမျိုးရောက်ပြီးစစ်ရှောင်နေရတယ်။ အဲ့ထဲမှာ ကိုယ်ဝန်သယ်မိခင်တွေ ကလေးမွေးဖွားဖို့အခက်အခဲဖြစ်တယ်။ နယ်မြေမှာဖြစ်ဖြစ် နီးစပ်ရာ စစ်ရှောင်တွေဖြစ်ဖြစ် ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘူးပေါ့နော်။ အဲ့ဒီအတွက် အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်ဖို့အတွက် သင်တန်းကို လုပ်ပေးရခြင်းဖြစ်တယ်။ မိခင်နဲ့ကလေး အသက်ဆုံးရှုံးရတာ များတာလည်း စစ်ပွဲတိုက်ပွဲတွေကြောင့် မြို့ပေါ်တက်လို့မရဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ်စ၍ စတင်ပြင်ဆင်ခဲ့ပြီး တစ်နှစ်တာကာလအချိန်ယူ၍ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWTနှင့် ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW တို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် သင်တန်းလည်းဖြစ်သည်။
တိုင်းရင်းသားနယ်မြေများထဲတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကိုယ်ဝန်ဆောင်မိခင်များကို နေရပ်ပြန်၍ ပြန်လည် စောင့်ရှောက်မှုပြုသွားမည်ဟု သင်တန်းအောင်မြင်သွားသည့် ကျန်းမာရေးဝန်ထမ်း နော်ဝါးမူးက ပြောသည်။
၎င်းက “ကျမတို့ရဲ့ရွာ ကျမတို့ရဲ့ဒေသမှာမိခင်နဲ့ကလေးငယ်တွေရဲ့ အသက်တွေမဆုံးရှုံးဖို့အတွက်ကို ရည်ရွယ်ပြီးတော့ ဒီသင်တန်းကို လာတက်ရတာဖြစ်တယ်။ ကျမတို့ရပ်ရွာကို ပြန်သွားမဲ့ အချိန်ကျရင်လည်း တတ်မြောက်ထားတဲ့အတက်ပညာတွေနဲ့ မသေသင့်ပဲအသက်ဆုံးရှုံးသွားရတဲ့ မိခင်နဲ့ကလေးအားလုံးကိုပေါ့ ပြန်ကူညီမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
တိုင်းရင်းသားနယ်မြေအသီးသီးမှ အဖွဲ့အစည်းကိုယ်စားပြု သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ယနေ့ သင်တန်းဆင်းပွဲ ပြုလုပ်သည့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းမှာ အပတ်စဉ် ၃ ဖြစ်ပြီး လာမည့်နှစ်များတွင်လည်း အလားတူ သင်တန်းများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဆိုင်ရာအဖွဲ့အစည်းတာဝန်ရှိသူများက ပြောဆိုသည်။
ယနေ့ ပြုလုပ်သည့် မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုသင်တန်းဆင်းပွဲသို့ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့တာဝန်ရှိသူများ၊ ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။



















