Home သတင်း မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှု နည်းပါးလာ

မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှု နည်းပါးလာ

1152
Photo: Crd.

စက်တင်ဘာ ၁၃ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်- မော်လမြိုင်လမ်းမကြီးပေါ်မှတဆင့် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလေ့ရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ယခုနှစ် ဇူလိုင်လပိုင်းမှစ၍ ၎င်းလမ်း မကြီးပေါ်တွင် သွားလာစစ်ကြောင်းထိုးမှုများ နည်းပါးသွားကြောင်း တော်လှန်ရေးအင်အားများဘက်က ပြောသည်။

မွန်ပြည်နယ် သိမ်ဇရပ်၊ မော့ကနင်၊ ရေး၊ ကျိုက်ထို၊ ဘီးလင်း စသည့်မြို့များမှ စစ်ကောင်စီတပ်၏ စစ်စခန်းများနှင့် ပဲခူးတိုင်းဘက်မှ လာရောက်သည့်ယာဉ်တန်းများကို ဒေသအတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့နှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျား စနစ်ဖြင့် တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီတပ်များအနေဖြင့် ယခင်ကလို လမ်းပိုင်းအတွင်း စစ်ကြောင်းမထိုးတော့ပဲ ၎င်းတို့ စခန်းအတွင်းမှာသာအခြေချပြီး လက်နက်ကြီးပစ်ခတ်နေခြင်းများ လုပ်ဆောင်နေကြောင်း ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “အခုဆိုရင် စကစတွေက စစ်ကြောင်းထိုးဖို့နေနေသာသာ သူတို့စစ်တပ်စခန်းထဲကနေတောင် ထွက်လာလို့ မရဲတော့တဲ့ အခြေအနေမှာဖြစ်နေပြီး။ သူတို့ကို ကျနော်တို့ စနိုက်ပါနဲ့ အချိန်မရွေး စောင့် ကြည့်နေတယ်။ သူတို့ စခန်းတွေကို ဝင်မသိမ်းဘူးဆိုတာက နီးစပ်တဲ့ရွာတွေက ပြည်သူတွေကို ပြန်ကြည့်နေလို့ ကျနော်တို့ မလုပ်တာပေါ့နော်။ သူတို့မှာအင်အား ဘယ်လောက်မှ မရှိတော့သလို အရင်တုန်းကလို လမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးပြီး တစ်ရွာဝင်တစ်ရွာထွက် ဝင်ဖို့လည်း သူတို့မှာ မလွယ်တော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ကြောင်းထိုးမှုနည်းပါးလာသည်သာမက ပေါင်မြို့နယ်နှင့် ရေးမြို့နယ်မှ စစ်ကောင်စီတပ်၏ လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်များကိုလည်း သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများက မကြာခဏ သွားရောက်ပစ်ခတ်ရှင်းလင်းလေ့ရှိကြောင်း လည်း တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ်ရှိ အဝေးပြေးလမ်းမများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထား သောကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က ရေးမြို့နယ်အတွင်းမှ စစ်ကောင်စီ ခြေလျင်တပ် ရင်း (ခလရ-၆၁) တပ်ဖွဲ့ဝင်များသည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) တပ်မသို့ ရေလမ်းကြောင်းမှတဆင့် အင်အား ၁၀၀ ခန့်ဖြင့် တပ်အင်အား ဖြည့်တင်းလာသည့်အတွက် ၎င်းတပ်မထဲသို့ KNLA တပ်ရင်း ၂၇ နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်ဟု ရေးပြောက်ကျားတပ်ဖွဲ့-YGF၏ ထုတ်ပြန်ထားသည်။

Photo: Crd.

အလားတူ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ဘက်မှလည်း လတ်တလောတွင် ၎င်းတို့၏ နယ်မြေစိုးမိုးနိုင်မှုသည် ယခင်ကထက် ပိုမို စိုးမိုးလာနိုင်ကြောင်း အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“အရင်တုန်းကဆိုရင် ကျနော်တို့ရွာတွေထဲမှာပဲနေတယ်။ အခုဆိုရင် ကျနော်တို့အဖွဲ့တွေ သိမ်ဇရပ်လမ်း မပေါ် အထိတက်နိုင်နေပြီးဆိုတာ ပြည်သူတွေကိုချပြတယ်။ နောက်တစ်ခုက နယ်မြေစိုးမိုးရေး အပိုင်းမှာလည်း ဘယ်လောက်ထိ စိုးမိုးထားနိုင်နေပြီးလဲဆိုတာ ကျေးရွာနေပြည်သူတွေက သိကောင်းသိပေမဲ့ မြို့နေပြည်သူတွေကတော့ သိဖို့ခက်တယ်လေ”ဟု KRF အဖွဲ့ တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

လတ်တလော မွန်ပြည်နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများတွင် KNLA အပါ အဝင် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ ကျိုက်ထိုတော်လှန်ရေးအင်အးစု-KRF၊ ဘီးလင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီးလူးတပ်ဖွဲ့၊ ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့ -YSTF၊ ရေးပြောက် ကျားတပ်ဖွဲ့ -YGF၊ သထုံခရိုင် အလုပ်အဖွဲ့-ABSDF တို့က အဓိက စစ်ရေးဖော်ဆောင် လှုပ်ရှားနေလျက်ရှိသည်။

အလားတူ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် KNLA တပ်များနှင့် တော်လှန်ရေး ပူးပေါင်း တပ်များက နယ်မြေစိုးမိုးနိုင်မှုရှိလာသလို ကရင်ပြည်နယ်အတွင်းရှိ ဒေသတချို့တွင်လည်း တော်လှန် ရေးအင်အားစုဘက်က နယ်မြေစိုးမိုးမှုများ ပြုလုပ်လာနိုင်ကြောင်းကို သက်ဆိုင် ရာအဖွဲ့အစည်း အသီးသီးက ၎င်းတို့၏ လူမှုစာမျက်နှာပေါ်တွင် ဖော်ပြထားကြောင်း တွေ့ရသည်။