စက်တင်ဘာလ ၆ ရက် ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့တွင် လူသွားလူလာများသည့် စျေးများထဲတွင် ယခုတလော မြန်မာ ပြည်သားများ ခါးပိုက်နှိုက်ခံရမှုဖြစ်စဉ် အဖြစ်များလာသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အရေး ဆောင်ရွက်သူများ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ ခါးပိုက်နှိုက်သမားများသည် မြန်မာပြည်မှ ဝင်လာခြင်းဖြစ်ပြီး မြန်မာပြည်သားအချင်းချင်းထံ ခါးပိုက်နှိုက်လုပ်ဆောင်သည့်အတွက် လူသွားလာများသည့် စျေးနေရာများတွင် ရွှေ၊ ငွေဝတ်ဆင်ပြီး သွား လာခြင်းကို သတိပြုရန်လိုအပ်သည်ဟု မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေးပူးတွဲလှုပ် ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။
ဦးမိုးကြိုးက “မဲဆောက်မြို့မှာ အမျိုးသမီးခါးပါးနှိုက်တွေတောင် တော်တော်များများ လက်ရဲဇက်ရဲလာ ပြီး။ အဲဒီတော့ပြောမယ်ဆိုရင် အဓိကတော့ မြန်မာပြည်သားအကျဉ်းထောင်အသီးသီးကနေပြီးတော့ စကစက လွှတ်ပေးလိုက်တဲ့သူတွေပေါ့။ သူတို့က ရေလယ်ကျွန်းမှာ တစ်ထောက်နားမယ်။ ပြီးရင် မဲဆောက်ကို တက်လာတယ်။ နောက်တစ်ခုက မဲဆောက်-မြဝတီ ၇ ရက် လက်မှတ်နဲ့ တုံးထုပြီး သွား လာလို့ရတော့ ခါးပိုက်နှိုက်တွေကလည်း မဲဆောက်ကို စျေးဝယ်သလို ဟန်ဆောင်ပြီးလာလို့ ရတယ်။ ခါးပိုက်နှိုက်တအားသောင်းကျန်းတယ်နော်” ဟု ပြောသည်။
ယခုရက်ပိုင်းတွင်လည်း မဲဆောက်မြို့ချန်ပီယံစက်ရုံအရှေ့ရှိ အမျိုးသမီးကြီးတစ်ဦးထံတွင် မြန်မာအမျိုး သမီး ၃ ဦးမှ အိတ်ခွဲပြီး ပိုက်ဆံနှင့် ရွှေများကို နှိုက်ယူသွားသည့်ဖြစ်စဉ်ရှိခဲ့သလို အထူသဖြင့် အလုပ်ပိက် ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေလိုနေ့မျိုးတွင် ခါးပိုက်နှိုက်များ ပိုမိုလှုပ်ရှားလျက်ရှိသည်ဟု မြန်မာအလုပ် သမားတချို့က ပြောသည်။
“စျေးကြီးတွေမှာဆိုရင် မြန်မာပြည်သားအရမ်းများတော့ ခါပိုက်နှိုက်ခံထိတာများတယ်။ ပြီးတော့ တောင်းရမ်းတဲ့လူတွေလည်း တော်တော်ကို များတယ်။ အရင်တုန်းက မရှိသလောက်ရှားတယ်။ အခု ဆိုရင်ကလေးကနေ လူအိုတွေအထိ တောင်းရမ်းတာတွေရှိတယ်။ အဲဒီတောင်းရမ်းတဲ့သူတွေက မြန်မာ ပြည်ကလူတွေပါပဲ။ အရင်ကတော့ မြဝတီတံတားမှာ။ အခုနောက်ပိုင်းမဲဆောက်မြို့ထဲကို ရောက်လာတယ်လို့ သိရတယ်”ဟု မဲဆောက်မြို့ရှိ မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။
မဲဆောက်မြို့တဖက်ကမ်းရှိ မြန်မာနိုင်ငံနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့တွင်လည်း အနယ် အနယ်အရပ်ရပ်မှ လူမျိုးပေါင်းစုံလာရောက်နေထိုင်သည့်အတွက် ယခင်ကတည်းက ခါးပိုက်နှိုက် များပေါများလျက်ရှိရာ နယ်စပ်ရောက်လာသူများ ခါးပိုက်နှိုက်ခံရသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သားအများအပြား အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့ထဲတွင် ဝင်ရောက်နေထိုင်မှုများလာသည့်အပြင် ၂၀၂၀ ခုနှစ်က ကိုဗစ်ကူးစက်ရောဂါကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည့် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကိုလည်း ယခုနှစ်ဆန်းပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်သည့်အတွက် မဲဆောက်မြို့ ထဲတွင် မြန်မာပြည်သားများဝင်ထွက်သွားလာမှု ပိုမိုများပြားလာကြောင်း သိရသည်။