စက်တင်ဘာ ၁၉ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊တပ်မဟာ(၆) နယ်မြေ၊ ဒူပလာယာခရိုင်၊ဝင်းရေးမြို့နယ် အုပ်ချုပ်မှု နယ်မြေ ဖြစ်သည့် ခလယ်တံခွန်တိုင်ရွာတွင် စက်တင်ဘာလ ၁၄ ရက်နေ့ကစတင်၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း(၁၆)ပူးပေါင်းတပ် နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ၁၅ ဦးနီးပါးကျဆုံးကာ ၂၀ဦးနီးပါး ဒဏ်ရာရထားကာအလောင်းတချို့ မကောက်နိုင် သေးကြောင်း ရှေ့တန်းစစ်မြေပြင် သတင်း အရင်းအမြစ်ထံမှ သိရသည်။
စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ- ၂) နှင့် နယ်ခြားစောင့်တပ်(BGF) အမှတ် (၁၀၂၁) တပ်ရင်းပူးပေါင်းတပ်တို့သည် ခလယ်ကျေးရွာထဲသို့ အင်အား ၁၀၀ နီးပါးခန့် စစ်အင်အားဖြည့်တင် လာရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့အထိ စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။
၎င်းက “တစ်နေ့က စနိုက်ဘာနဲ့ထိထားလို့ ၃ ဦးကျထားတယ်။ ရွာထဲမှာလည်း အလောင်းတွေ ကျန်နေ သေး တယ်။ ကားနဲ့သူတို့ပြန်သယ်လာတဲ့အလောင်း ၁၁ ဦး ရှိတယ်။ BGF တွေက နောက်တန်းကနေ အလောင်းသယ် ရိက္ခာပို့ အင်အားဖြည့်လုပ်ပေးတယ်။ လူနာတွေရော အလောင်းတွေရော နေ့တိုင်းပြန်သယ်လာတယ်။ BGF က အရာရှိ တစ်ဦးလည်း ထိမှန်ထားတယ်။ ထိမှန်ထားတဲ့လူတွေ ပတ်တီးဖြူနဲ့စီးထားပြီး သယ်လာ တာ အများကြီး တွေ့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်းအား ကေအိုင်စီ အနေဖြင့် သီးခြား အတည်မပြုနိုင်သေးသော်လည်း ထိခိုက်ကျဆုံးသွားသည့် စစ်ကောင်စီအလောင်းများအား BGF ကားများဖြင့် နေ့စဉ်ပြန်သယ်သွားသည်ကို မြင် တွေ့ရသည်ဟု ကျိုက်မရောမြို့နယ်ရှိ မြို့ခံလူထုများက အတည်ပြုပြောဆိုသည်။
အလားတူ နှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦးလည်း ကျဆုံးသွားသည်ဟု KNLA တာဝန်ရှိသူများထံမှသိရပြီး လတ်တလောအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲရှိနေသည်ဟု ၎င်းက ဆိုသည်။
တံခွန်တိုင်ရဲစခန်းတွင် ခြေကုပ်တပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်များထံ ရိက္ခာ၊ လက်နက်ခဲယမ်း လူအင်အားများ ဖြည့်ဆည်းနိုင်ရန် ထိုးစစ်ဆင်လာသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် တောင်ကလေး လမ်းဝမှစ၍ ဝင်းရော်ဒေသလမ်းမကြီးတစ်လျှောက်နှင့် ခလယ်ရွာလေး၊ ခလယ်ရွာကြီးအထိ တပ်စွဲနေရာယူထားလျှက်ရှိသည်ဟု ရှေ့တန်းသတင်းအရင်းအမြစ်ထံမှ သိရသည်။
စစ်ကောင်စီဘက်မှ လေကြောင်း ပစ်ကူအပြင် အမြောက်လက်နက်ကြီးများ နေ့စဉ် လှမ်းပစ်ခတ်နေလျှက်ရှိ သည့်အတွက် ဒေသခံများလည်း ဘေးလွတ်ရာ ရှောင်တိမ်းနေရပြီး နေအိမ်တချို့ ထိမှန်ပျက်စီးသလို ဒေသခံ လူထုအချို့လည်း ကျည်ထိမှန်ဒဏ်ရာရသူများရှိပြီး စစ်ကောင်စီတပ်စွဲထိန်းချုပ်ထားသည့် စစ်ရှောင်နေရသည့် ကျေးရွာများရှိ လူနေအိမ်အများအပြား ဖောက်ထွင်းဖျက်ဆီး ခံထားရကာ မီးစက်၊ ဆိုလာပြားနှင့် တန်းဖိုးရှိ ပစ္စည်းများလည်း ပျောက်ဆုံးမှုများရှိကြောင်း ဒေသခံ ရွာသားများထံမှ သိရသည်။