Home သတင်း ပီလောပီနံစိုက်ခင်းတွင် တောဝက်များဝင်ရောက်ဖျက်ဆီးနေသဖြင့် ပျက်စီးဆုံးရှုံးမှုများ ကြုံနေ

ပီလောပီနံစိုက်ခင်းတွင် တောဝက်များဝင်ရောက်ဖျက်ဆီးနေသဖြင့် ပျက်စီးဆုံးရှုံးမှုများ ကြုံနေ

464
Photo: CJ

စက်တင်ဘာလ ၁၉ရက်၊၂၀၂၃ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ဒေသခံများ၏ စီးပွားဖြစ် ပီ‌လောပီနံ စိုက်ခင်းများတွင် တောဝက်များဝင်ရောက်ဖျက်ဆီးနေသဖြင့် စိုက်ခင်းပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း ပီလောပီနံ စိုက်တောင်သူများက ပြောသည်။

ပီလောပီနံများဈေးကောင်းရနေသဖြင့် ဒေသခံများသည် ယခုနှစ်ရာသီတွင် ပီ‌လောပီနံအများအပြား အစားထိုး ပြောင်းလဲစိုက်ပျိုးလာကြပြီး အဆိုပါ စိုက်ခင်းများကို တောဝက်များက ဝင်ရောက်ဖျက်ဆီးနေသောကြောင့် ပျက်စီးဆုံးရှုံးမှုများနေကြောင်း မိတန်ကျေးရွာရှိ ပီလောပီနံစိုက်ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

၎င်းက “ဈေးကောင်းရတော့ ဒီနှစ်မှာရွာသားတွေအများအပြားစတင်စိုက်ကြတယ်။ အဇင်းအပေါ်က ရွာတွေ ကော‌အများကြီးစိုက်ကြတယ်။ စိုက်တဲ့နေရာကကျယ်တော့ တောဝက်တွေ ဝင်‌စားတာ အကုန်လိုက် မကြည့် နိုင်ဘူ။ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ပီလောပီနံဥကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)မှဝယ်ယူပေးမည်ဟု ပြောဆိုထားသဖြင့် ဒေသခံပြည်သူများလည်း ပီလောပီနံဥကို အများအပြား စတင်စိုက်ပျိုးလာကြခြင်းဖြစ်ကြောင်းလည်း အဆိုပါ ဒေသခံပြည်သူများကပြောသည်။

Photo: CJ

နောက်ထပ် ဒေသခံ တစ်ဦးက “ဗိုလ်အေဝမ်းကဝယ်ယူပေးမယ်ပြောတော့ရွာသားတွေ ‌ပီလောပီနံပျိုးပင်ကို အများအပြား သွားဝယ်ပြီး ပြန်လာစိုက်ကြတယ်။ ရွာ‌တွေတော်တော်များများစိုက်ကြတယ်။ ဟောင်သရောမြစ် တစ်ဖက်ခြမ်းမှာလည်း အများအပြားစိုက်ကြတယ်”ဟု ကေအိုင်စီ သို့ပြောသည်။

ဒေသခံပြည်သူများအနေဖြင့် အဆိုပါ ပီလောပီနံကို ကျေးရွာအနီးတွင်သာမက တောတောင် အနီး တောင်ယာ ခင်းများအထိ အများအပြားစိုက်ပျိုးလာခြင်းကြောင့် ယခုလို တောဝက်များ၏ ဝင်ရောက်ဖျက်ဆီးမှုခံရခြင်းဖြစ် ကြောင်းလည်း ဒေသခံအချို့ က ယူဆပြောဆိုကြသည်။

ယခင်နှစ်က နေအခြောက်လှန်းထားသည့် ပီလောပီနံဥ တစ်တန်လျှင် ကျပ် (၅၀၀,၀၀၀) ကျော်အထိ ပေါက်စျေး ရှိပြီး ပြည်တွင်းဝယ်ဈေးတစ်ပိဿာလျှင် ကျပ်(၉၀၀) ဈေးရရှိနေကာ အဆိုပါ ပီလောပီနံဥကို ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ နှင့် ဘုရားသုံးဆူ စသည့်မြို့နယ်များတွင်လည်း အများအပြား စိုက်ပျိုးလာကြသည်။