ဇူလိုင်လ ၂၁ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသတွင် စက်သုံးဆီ၊ စားသုံးဆီ စသည့် ဆီနှင့်ပတ်သက် သည့်အရာ များကို ယမန့်နေ့က စတင်ကာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ သယ်ယူခွင့် ပိတ်လိုက်ကြောင်း ဒေသခံ များက ပြောသည်။
အရှေ့တောနယ်ဒေသရှိ ၊ခမောင်းသွယ်လမ်းပိုင်းတွင် ဇူလိုင်လ ၂၀ ရက်နေမှ စတင်ကာ စက်သုံးဆီ နှင့် စားသုံး ဆီများ စသည့် ဆီနှင့်ပတ်သက်သည့်အရာများကို ၎င်းလမ်းပိုင်းရှိ အာဏာသိမ်းစစ်ကောင်စီ စစ်ဆေး ရေး ဂိတ်များမှ သယ်ဆောင်ခွင့်မပေးတော့ကြောင်း လမ်းပိုင်းကိုအသုံးပြုသွားလာနေသည့်အမည်မဖော်လိုသူ ကားသမားတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
၎င်းက “မနေ့က ဆီမှန်သမျှပိတ်ထားတယ်။ အရင်ကသယ်လို့ရတယ်။ ကျန်ဒေသတွေပိတ်ထားလားတော့မ သိဘူး။ အဲ့ဒီက စစ်တပ်ဂိတ်တွေကပြောလာတာ စားဆီရော၊ ဓာတ်ဆီရော ပိတ်တယ် ဆိုပြီး။ အရှေ့ တောနယ် ထဲပါတယ်လေး။ ရိက္ခာစဖြတ်ပြီးထင်တယ်။ ပြီးတော့ ဒီဘက်မှာလည်း စစ်မျက်နှာဖွင့်တော့မယ်ဆိုပြီးအသံတွေ လည်းထွက်နေတော့ သတိနဲ့နေနေရတယ်။ “ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါအရှေ့တောနယ်ဒေသရှိ ခမောင်းသွယ် လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်(၅)ခု ခန့်ရှိနေပြီး အဆိုပါ ဂိတ်များတွင်လည်း တစ်လထက် တစ်လ ငွေကြေးကောက်ခံမှုပမာဏများလာပြီး ယခုလိုဆီ သယ်ဆောင်ခွင့်ကိုပါ ပိတ်လိုက်သောကြောင့် ဒေသခံ ယာဉ်မောင်းသမားများနှင့် နယ်မြေခံလူထုများအတွက် အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါ ကားသမား က ဆက်ပြောသည်။
“ကားတစ်စီးကိုဘယ်လောက်ပေးရမယ်လို့မသတ်မှတ်ထားတာက ဆိုးတယ်။အဲ့တော့ ကြိုက်သလောက် တောင်း လို့ရနေတယ်လေး။ အရင်ကဆန်ကိုပိတ်တယ်။ အနွေးထည်များများ ပေးမသယ်ဘူး။ အခုဓာတ်ဆီရော၊ စားဆီ ရောဆိုတော့အပိုဝင်ငွေတွေ မကျန်တော့ဘူး။ ဆန်ကဂိတ်မှာတောင်ရေးထားတာ ဆန်မသယ်ရ ဆိုပြီးတော့။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ အရှေ့တောနယ်ဒေသတွင် တော်လှန်ရေးအင်အားစုများ နှင့်စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲများ မကြာ ခဏ ဖြစ်ပေါ်လေ့ရှိပြီး စစ်ဘေးရှောင်ပြည်သူအချို့လည်ရှိနေသောကြောင့် အာဏာသိမ်း စစ်ကောင်စီမှ ဖြတ် လေးဖြတ် သဘောမျိုးဖြင့် ပိုမိုလုပ်ဆောင်လာလျက်ရှိကြောင်း ဒေသခံအများစုက သုံးသပ် ပြောဆိုကြသည်။
ထိုသို့ ဆီသယ်ယူခွင့်များကို ပိတ်လိုက်သောကြောင့် ဓါတ်ဆီများ ပြတ်တောက်သွားပါက ရေရှည်တွင် သွားလာ ရေး နှင့် မီးရရှိရေးအပြင် လယ်ယာ ထွန်ယက်စိုက်ပျိုးမှုများတွင် အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း အရှေ့တောနယ် ဒေသခံ အမျိုးသမီး တစ်ဦးက ယခုလို ပြောသည်။
၎င်းက “ပိတ်တာက မနေ့ကမှ စပိတ်တာဆိုတော့ ဒီရက်ပိုင်းမှာ အဲ့လိုအခက်အခဲတွေတော့မရှိသေးဘူး၊၊ ဒါပေမဲ့ သုံးလေးရက်လောက်ကြာရင်တော့ ဆီမရတော့တဲ့အတွက် သွားလာရေးအခက်အခဲကတော့ ဒုက္ခရောက် လာနိုင်တယ်။ စားသောက်တာက အဆင်ပြေသလိုဖြေရှင်းလို့ရပေမဲ့ သွားလာတာက တစ်ခုခုဆို ဓာတ်ဆီမရှိရင် အဆင်မပြေဘူးလေး။ မီးစက်တို့ဘာတို့ကလည်း အဲ့တာနဲ့ဘဲနိုးနေရတာဆိုတော့။အဲ့တာတစ်ခုတော့ စိုးရိမ်မိ တယ်။ ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ အရှေ့တောနယ်ဒေသရှိ ယခင်က စစ်ရှောင်ပြည်သူများကို ကူညီရန် အာဏာသိမ်းစစ်ကောင်စီမှ ပြီးခဲ့ တဲ့နှစ် ဒီဇင်ဘာလ ပထမအပတ်မှ စတင်ကာ အနွေးထည်ဝယ်ယူသယ်ဆောင်ခွင့်ကို စတင်ပိတ်ပင် ထားသည့် အပြင် ဆန် နှင့် ရိက္ခာ ခြောက်သယ်ဆောင်ခွင့်များကိုပါ ကန့်သတ်ထားပြီး ယခုအချိန်ထိ သယ်ယူခွင့် မပေးသေး ပဲ ဒေသခံများအနေဖြင့် ဆန်ရိက္ခာရရှိရန် နည်းလမ်းပေါင်းစုံဖြင့်ဖြေရှင်းနေကြရကြောင်းလည်း ဒေသခံများက ပြောသည်။



















