Home သတင်း လမ်းပြအဖြစ် ဖမ်းဆီးခံရသော သထုံဒေသခံရွာသားတစ်ဦး ပြန်မလွတ်သေး

လမ်းပြအဖြစ် ဖမ်းဆီးခံရသော သထုံဒေသခံရွာသားတစ်ဦး ပြန်မလွတ်သေး

611

ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းသို့ ဇူလိုင်လ (၂၅) ရက် နေ့က စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းဝင်ရောက်လာခဲ့ပြီးနောက် လမ်းပြ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံနှစ်ဦးအနက် တစ်ဦးမှာ ယနေ့ အထိ ပြန် လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဇူလိုင်လ (၂၅) ရက်နှင့် (၂၆)ရက်နေ့တို့တွင် မရမ်းကုန်းနှင့်ချောင်းစောင့်ရွာတို့မှ အမျိုးသားနှစ်ဦးအား လမ်းပြ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တစ်ဦးအား ပြန်လွှတ်ပေး လိုက်သော်လည်း ကျန်ရှိချောင်းစောင့်ရွာသားတစ်ဦးအား လက်ရှိအချိန်ထိ ဖမ်းဆီးခေါ်ဆောင်ထား ဆဲဖြစ်ကြောင်း နယ်မြေတာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက“ပြန်လွတ်လာတဲ့တစ်ယောက်ကတော့ ရိုက်နှက်ခံထားရတာမရှိဘူး။ ကျန်တဲ့ တစ်ယောက်အခြေအနေတော့ မသိရသေးဘူး။ လမ်းပြလုပ်ဖို့ခေါ်သွားတာ အခုလော လောဆယ်တော့ ရွာထဲမှာစစ်တပ်တွေမရှိတော့ဘူး။ ဒါပေမယ့် အခြေအနေ မသိ သေးတော့ စောင့်ကြည့်နေရသေးတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ဇူလိုင်လ(၂၆)ရက်နေ့က ချောင်းစောင့်ကျေးရွာ၊ ခလောက်အင်း ကျေးရွာ တို့တွင် စစ်ကောင်စီတပ်များတပ်စွဲနေထိုင်စဥ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ၏ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအရင်း အမြစ်များမှ သိရသည်။

“ခလောက်အင်းရွာမှာကျတော့ ဘုန်းကြီးကျောင်းမှာကို တပ်စွဲထားတာ အဲ့မှာ ဒရုန်းကြဲ ချတော့ ၃ ယောက်သေတယ်။ ဘုန်းကြီးကျောင်းထဲ အလောင်းချန်ထားတယ်လို့ သိရတယ်။ ချောင်းစောင့်ရွာဘက်က ထိခိုက်သေဆုံးမှုတော့မသိရသေးဘူး။ မနေ့က ညနေကလည်း ခလောက်အင်းမှာထပ်ပြီးတိုက်ပွဲဖြစ်တယ် အထိအခိုက်များတယ်။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုထားသည်။

ဆက်လက်ပြီး ဝီယော်ရွာ စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် KNLA ပူးပေါင်း တပ်တို့ ဇူလိုင်လ(၂၇)ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အမှတ်(၉) စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးအချက်‌ရေ လေးဆယ်ကျော်ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ထုံးဘိုလေးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက်(၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ရသလို ထို့ကော်ကျိုးကျေးရွာမှ အသက်(၁၃)နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူကလည်း ယမန်နေ့က ထုတ်ပြန်ပြောဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်များစစ်ကြောင်းထိုးဝင်ရောက်မှုနှင့်ပစ်ခတ်မှုများကြောင့် မရမ်းကုန်း၊ ခလောက်အင်း အစရှိသည့်ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော် ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လုံခြုံရေးစိုးရိမ်စိတ်ကြောင့် ယခု အချိန်ထိ နေရပ်ပြန်မနေထိုင်ရဲကြကြောင်း ကေအဲန်ယူနှင့် နယ်မြေ တာဝန်ရှိသူများထံမှ သိရသည်။

ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်များသည် အင်အားအများအပြားအသုံးပြုကာ ကေအဲန်ယူ တပ်မဟာ(၁) အုပ်ချုပ်နယ်မြေရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်နေသလို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု တော်လှန်ရေးအင်အားစုဘက်မှ ပြောသည်။

ယင်းသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဒေသခံ ထိခိုက်သေဆုံးခြင်းနှင့် နေအိမ်စွန့်ခွာ တိမ်းရှောင်ရခြင်းများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသတွင်းသတင်း အရင်းအမြစ် များမှ သိရသည်။