ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKPမှ ကရင်စစ်ဘေးရှောင်များ ရေရှည်ဘဝရပ်တည်နိုင်ရေးနှင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရန် အထောက်အပံ့ဖြစ်စေနိုင်မည့် ပရိုဂရမ်ဖြစ်မြောက်ရေး နိုင်ငံတကာနှင့်တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။
CIDKP အနေဖြင့် ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်းရှိ စစ်ဘေးရှောင် ထက်ဝက် ကျော်အတွက် အကူအညီလိုအပ်မှသာ သွားရောက်ကူညီပေးနိုင်သောကြောင့် စစ်ဘေးရှောင်များ အလှူရှင်မျှော်ရသည့်ဒုက္ခမှလွတ်မြောက်၍ မိမိလုပ်အားဖြင့် စားဝတ်နေရေးဖြေရှင်းနိုင်မည်ဆိုပါက ရေရှည်ရပ်တည်နိုင်ရန် အလားအလာပိုမိုကောင်းမွန်မည်ဟု ရည်ရွယ်၍ ထိုသို့ စီစဥ်ဆွေးနွေးကြခြင်းဖြစ်ကြောင်း CIDKP ၏ ဒု-တာဝန်ခံ စောခဲလေက ပြောသည်။
၎င်းက “ခြံစိုက်တယ်၊ မွေးမြူရေးလုပ်တယ်။ အဲ့ဒါတွေက သူတို့ရဲ့စားဝတ်နေရေး ဖြေရှင်းတဲ့ပုံစံတွေ၊ စစ်ရှောင်တွေကို ရိက္ခာချည်းပဲထောက်ပံ့နေမယ့်အစား သူတို့အတွက်လိုအပ်တဲ့မြေယာတွေ၊ မြေဩ ဇာတွေ လယ်ထွန်စက်ဆိုလည်း လယ်ထွန်စက်ပေါ့။ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် အခြားကို မျှော်လင့်နေစရာမလိုတော့ဘူး။ ဒါကြောင့် ဒီပရိုဂရမ်အကောင်အထည်ဖော်ဖို့ ကျနော်တို့ကြိုးစားနေတာပါ။ အဲဒါကြောင့်ပဲ နိုင်ငံတကာက အထောက်အပံ့ပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့ဆွေးနွေးနေတာ” ဟု ကေအိုင်စီသို့ ရှင်းပြသည်။
စစ်ဘေးရှောင်များစွာအနက် လက်ရှိစစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြဆဲသူများနှင့် နေရပ်ပြန် နေထိုင်နေကြသူများ၊ မိမိတို့ဆွေမျိုးနီးစပ်ရာ အရပ်ဒေသများတွင် စစ်ဘေးတိမ်းရှောင်ရင်း စားဝတ်နေရေးဖြေရှင်းနေရသော သူများဟူ၍ အမျိုးမျိုးရှိသောကြောင့် အဆိုပါ ပရိုဂရမ်ဖြစ် မြောက်ရန် စစ်တမ်းကောက်ယူမှုနှင့်သုတေသနပြုလုပ်ချက်များ လိုအပ်သေးသဖြင့် အောင်မြင်နိုင် မည့်ရာခိုင်နှုန်းအား တွက်ဆမရသေးသော်လည်း နိုင်ငံတကာအလှူရှင်များဘက်မှ စိတ်ဝင်စားမှုများစွာရရှိထားသည်ဟု CIDKPက ပြောသည်။
“နေရပ်ပြန်ကြမယ်ဆိုရင်လည်း ပြန်လည်ထူထောင်ရေးလုပ်ဖို့ အရင်းအနှီးနဲ့ စိုက်ပျိုးရေး အသိပညာပေးတွေ နည်းစနစ်တွေကို ပံ့ပိုးပေးနိုင်မယ်ဆိုရင် အများကြီး အထောက်အကူဖြစ်စေမယ်။ နီးစပ်ရာမှာလိုက်နေနေတဲ့သူတွေဆိုရင်လည်း ဘာလုပ်နို့င်မလဲ ဈေးရောင်းနိုင်သလား ဆိုတဲ့အခြေ အနေကိုကြည့်ပြီး ထောက်ပံ့ရမှာ ဘယ်လိုပုံစံနဲ့ကိုက်ညီ မလဲဆိုတာကို စဥ်းစားရမှာ။ ဒါကြောင့်ပဲ အောင်မြင်မယ့်ရာခိုင်နှုန်းကို ပြောလို့မရသေးတာပါ။” စောခဲလေက ဆိုသည်။
အဆိုပါ ပရိုဂရမ်ဖြစ်မြောက်ရန် CIDKP အနေဖြင့် နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော NGO အဖွဲ့များဖြင့် ယခင်လပိုင်းများက တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သလို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင်လည်း အမေရိကန်နိုင်ငံမှလူသားချင်းစာနာကူညီရေးအဖွဲ့များနှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ယူကရိန်းနိုင်ငံ၏အရေးကိစ္စများအပေါ် ကူညီပံ့ပိုးမှုများပြုလုပ်နေရခြင်းနှင့် မြန်မာနိုင်ငံအတွင်းအကူအညီပေးရာတွင်လည်း စစ်အစိုးရ၏ စီမံခန့်ခွဲမှုအောက်မှ တဆင့်သွားနေရခြင်းကြောင့် ကရင်တိုင်းရင်းသားဒေသများရှိ စစ်ဘေးရှောင် များအတွက် ထိရောက်သောအကူအညီရရှိရန် လိုအပ်သလို နယ်စပ်ဖြတ်ကျော်ကူညီရန်လည်း လိုက်နာရမည့်စည်းမျဥ်းစည်းကမ်းများရှိနေသေးကြောင်း CIDKP က ရှင်းပြပြောဆိုထားသည်။
၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော CIDKP သည် ကော်သူးလေအုပ်ချုပ်ဒေသများအတွင်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ပဋိပက္ခဒဏ်ခံစားနေရသော အလှမ်းဝေးသည့် စစ်ရှောင်နေရာများသို့ သွားရောက်၍ လူသားချင်းစာနာသည့် အကူအညီပေးရေးလုပ်ငန်းများသာမက စစ်ရှောင်များအတွက် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ သန့်ရှင်းရေးပညာပေးလုပ်ငန်းများနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။



















