Home သတင်း လက်ခတ်တောင် တိုက်ပွဲကြောင့် မြဝတီမြို့ဘက် စစ်ရှောင်ကြသည့် ဒေသခံ ၅၀၀ ကျော် နေရပ်မပြန်နိုင်သေး

လက်ခတ်တောင် တိုက်ပွဲကြောင့် မြဝတီမြို့ဘက် စစ်ရှောင်ကြသည့် ဒေသခံ ၅၀၀ ကျော် နေရပ်မပြန်နိုင်သေး

940
Photo: Crd.

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့သည့် မြဝတီမြို့တောင်ဘက် လက်ခတ်တောင်တိုက်ပွဲကြောင့် မြဝတီမြို့ဘက် စစ်ဘေးရှောင်နေကြရသူ ဒေသခံ ၅၀၀ ကျော်မှာ ယခုအ ချိန်ထိ နေရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

စစ်ကောင်စီ တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်-BGF လက်နက်ကြီးပစ်စခန်း လက်ခတ်တောင် ဘုရားကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းစစ်ကြောင်းများက ဇူလိုင်လ ၅ ရက်နေ့မှစ၍ စတင်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၁ ရက်တွင် သိမ်းပိုက်ရရှိထားခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ် ပစ်ခတ် လိုက်သော လက်နက်ကြီးကျည်များ လူနေရပ်ကွက်အိမ်များပေါ် ကျရောက်ပေါက်ကွဲမှု ရှိခြင်းကြောင့် မြဝတီမြို့ဘက်သို့ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

၎င်းစစ်ဘေးရှောင်ကူညီနေသူက “ပွင်းလင်းအေးမြိုင်၊ မေတ္တာလင်းမြိုင်၊ အတွင်းမဲကနယ်၊ စိမ်းလဲ့မြိုင်ကားဝင်း နောက်ဘက်က လူတွေမြို့ထဲ ပြောင်းလာနေကြတာမှာ တောရ ကျောင်းမှာတော့ အများဆုံးပေါ့၊ တောရကျောင်းမှာ အိမ်ထောင်စု ၈၉စု လူဦးရေ က ၃၁၇ ဦးပေါ့ ၊ ကလေးလူကြီး အပါပေါ့နော်။ မြဝတီထွေအုပ်နဲ့ လူမှုဝန်းထမ်းဌာနအဖွဲ့တွေ ဆန်ဆီစားစရာလာပို့တယ်။ စာရင်းကောက်တယ်။ အခုထိတော့ ပြန်လို့မရသေးဘူး။ ရပ်ကွက်တွေထဲမှာ ရောက်နေတဲ့သူနဲ့ အခု တောရကျောင်းမှာနေတဲ့ သူပေါင်းရင် အနည်းဆုံး ၅၀၀ ကျော်ရှိမယ်။ ”ဟု ပြောသည်။

လက်ရှိတွင် လက်ခတ်တောင် စစ်စခန်းဘုရားကုန်းနေရာကို စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ရန် စစ်ကူအင်အားနှင့် လက်နက်ကြီးပစ်နေရာများ ထပ်မံတိုးချဲ့ ပြင်ဆင် နေမှုများရှိနေပြီး မြို့အစွန်ရပ်ကွက်များတွင် နေထိုင်သူများအား ရွှေ့ပြောင်းနေထိုင် ကြရန် ရပ်ကွက်စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ များက လိုက်လံ ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

“အခု မြဝတီမြို့ကတော့ ပုံမှန်ပဲ။ မြို့ပြင်မှာတော့ စစ်တပ်က အောက်က တက်လာတဲ့ စစ်တပ်တွေ ထပ်ရောက်နေတယ်၊ လက်နက်ကြီး ပစ်တဲ့နေရာတွေ အသစ်ပြင်နေတယ်၊ ကျောက်လုံးကြီးရပ်ကွက်ဘက်၊ မြစန္ဒီကားဝင်း၊ မြစန္ဒီဂေါက်ကွင်း၊ ၂၇၅ တပ်၊ ဟေမာန်ဦး ဘုန်ကြီးကျောင်း နောက်ဘက်တွေမှာ ကင်းပုန်းချတာ၊ လက်နက်ကြီးဆင်တာတွေ လုပ်နေတယ် ”ဟု မြဝတီ မြို့ခံ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

လတ်တလောတွင် KNLA ပူးပေါင်းတပ်များသည် လက်ခတ်တောင် ဘုရား ကုန်းစစ်စခန်းကို သိမ်းပိုက်ထားပြီး စစ်ရေးနယ်မြေထိန်းသိမ်းနိုင်ရေးနှင့် လက်ခတ် တောင်ကြောနေရာတစ်လျှောက် နယ်မြေရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်နေ ကြောင်း သိရသည်။

၎င်းအပြင် ကရင်ပြည်နယ်အတွင်း ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ ဖာပွန် ၊ သံတောင်မြို့ နယ်များဘက်တွင် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း KNLA ပူးပေါင်းစစ်ကြောင်း သတင်းအရင်းအမြစ် များပြောသည်။

ယခုလို တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံကျေးရွာ နေအိမ်၊ သာသနိက အဆောက်အအုံ၊ တောင်ယာခြံများ ထိခိုက်ပျက်စီးမှုရှိနေပြီး ဒေသခံ ၂ သိန်းကျော်အထိ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရကြောင်း ကရင်အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။