Home သတင်း ကုန်စျေးနှုန်းကြီးမြင့်လာမှုများကြောင့် Non CDM ဝန်ထမ်းများ ရပ်တည်ရန်ခက်ခဲလာ

ကုန်စျေးနှုန်းကြီးမြင့်လာမှုများကြောင့် Non CDM ဝန်ထမ်းများ ရပ်တည်ရန်ခက်ခဲလာ

826

ဇူလိုင်လ၂၄ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာငွေကြေးတန်ဖိုးများ ကျဆင်းလာသလို ကုန်ဈေးနှုန်းများလည်း အဆမတန် မြင့်တတ်လာနေသောကြောင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြရသည့် Non CDM လခစားဝန်ထမ်းများအနေဖြင့် ရပ်တည်ရန် ခက်ခဲလာကြောင်း Non CDM ပြုလုပ်သူများထံမှ သိရသည်။

စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်လာသည့်ကာလတွင် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများအပြင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် စီးပွားရေးမတည်မငြိမ်ဖြစ်နေသည့် မြန်မာနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုများ ဖြစ်ပေါ်လာပြီး ကုန်ဈေးနူန်းများမြင့်တက်သော်လည်း ဝန်ထမ်းလစာ တိုးပေးခြင်းမရှိသည့်အတွက်ကြောင့် ရပ်တည်ရန်ခက်ခဲလာကြောင်း ကရင်ပြည်နယ် ဖားအံမြို့ရှိ Non CDM ပြုလုပ်ထားသည့် အမည်မဖော်လိုသူ မူလတန်းပြ ကျောင်းဆရာမတစ်ဦးက ယခုလိုပြောသည်။

“မူလတန်းပြဆို (၁၈၀,၀၀၀) ပဲရတယ်။ စားဝတ်နေရေးက အဆင်မပြေတော့ဘူးလေ။ လစာတိုးဖို့ ကလည်း အစီအစဉ်မရှိဘူးလို့ထင်တယ်။ အလုပ်နှစ်မျိုးသုံးမျိုးလုပ်မှ အဆင်ပြေတယ်။ ကျူရှင် တို့ ဘာတို့ပြမှ အဆင်ပြေတော့တယ်။ လခ တစ်ခုတည်းဆို အဆင်မပြေဘူး။ ကုန်ဈေးနှုန်းက ကျသွားတာ မရှိဘူး။ ဆန်ကြမ်းဈေးတောင် သိန်းဂဏန်းထိရှိနေပြီး။ “ဟု ၎င်း Non CDM ဆရာမက ကေအိုင်စီ သို့ ပြောသည်။

စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ၊ဆရာမများ၏ လစာနှုန်းထားသည် မူလတန်းပြလစာအနေဖြင့် (၁၈၀,၀၀၀) ကျပ်၊ အလယ်တန်းပြ လစာအနေဖြင့် (၁၉၈,၀၀၀) ကျပ်နှင့် အထက်တန်းပြလစာကို (၂၀၂,၀၀၀) ကျပ်ထိသာ ရရှိကြကြောင်း အဆိုပါမူလတန်းပြ ဆရာမက ဆက်ပြောသည်။

လခစား ဝန်ထမ်းများအနေဖြင့် အာဏာသိမ်း ကာလအတွင်း ရပ်တည်ရန် ခက်ခဲလာသည့် ပြဿနာများကို ကြုံတွေ့ နေရပြီး လစာငွေ အလွန်နည်းပါးသောကြောင့် အလုပ်ထွက်သူများလည်း တစ်နေ့ထက် တစ်နေ့တိုးလာကြောင်း Non CDM ကျောင်းဆရာဝန်ထမ်းများနှင့်နီးစပ်သည့် မိသားစုဝင်များထံမှ သိရသည်။

လာမည့် ဇူလိုင်လ ၃၁ရက်နေ့တွင် မြန်မာကျပ်ငွေ၏ ငွေစက္ကူ (၂၀,၀၀၀)ကျပ်တန် ထုတ်မည့် သတင်းကြောင့် နာရီပိုင်းအတွင်း နိုင်ငံခြားငွေလဲလှယ်သည့် စျေးကွက် အားလုံး ရပ်တန့်သွားသလို ရွှေ နှင့် အိမ်ခြံမြေစျေးကွက်များလည်း ရပ်သွားသည်။ ထို့အပြင် ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်တွင် ကျပ်ငွေစျေးထိုးကျသွားသောကြောင့်ငွေကြေးလဲလှယ်သူများအကြားလည်း ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

နောက်ထပ် Non CDM ကျောင်းဆရာမတစ်ဦးကလည်း“လစာတွေရနေပေမယ့် မိသားစု တွက်မလုံ လောက်တော့ဘူး။ အသိတွေထဲမှာဆိုရင် အလုပ်ထွက်တဲ့သူတွေ တော်တော်များ လာတယ်။ အရေအတွက်တော့ မသိပေမဲ့ ထွက်တဲ့သူများလာတယ်။ ဒီလစာနဲ့ဘယ်လိုမှ အဆင်မပြေ တော့ဘူးလေ။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်တွင် နိုင်ငံအတွင်းရှိဋ္ဌာနဆိုင်ရာအသီးသီးမှ အစိုးရဝန်ထမ်းများ အာဏာဖီ ဆန်ရေး လှုပ်ရှားမှု(CDM)တွင် ပါဝင်သူအချို့သည်လည်း စားဝတ်နေရေးအခက်အခဲများကြောင့် ဆိုင်ရာ ဌာနများသို့ ခံဝန်ထိုးကာ စစ်ကောင်စီ လက်အောက်သို့ ပြန်လည်လုပ်ကိုင်သူများလည်း ရှိသည်။

ကရင်ပြည်နယ်တွင် CDM ပြုလုပ်ထားသည့် အစိုးရဝန်ထမ်းများသည် ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းအများစု ဖြစ်ကြပြီး စားဝတ်နေရေးအခက်အခဲကြောင့် အချို့မှာ ခံဝန်လက်မှတ်ထိုး၍ စစ်ကောင်စီလက်အောက်တွင် အလုပ်ပြန်ဝင်လုပ်နေသူရှိသလို နိုင်ငံခြားသို့ ထွက်ကာ သွားရောက်အလုပ်လုပ်ကိုင် နေကြသူများလည်း ရှိကြသည်။