Home သတင်း ရွက်ဖြန်းဆေး ဈေးနှုန်းကြီးမြင့်မှုကြောင့် ညောင်လေးပင်ခရိုင်ရှိ တောင်သူများ စိုက်ပျိုးရေး ဆက်လက် လုပ်ကိုင်ရန် ခက်ခဲ

ရွက်ဖြန်းဆေး ဈေးနှုန်းကြီးမြင့်မှုကြောင့် ညောင်လေးပင်ခရိုင်ရှိ တောင်သူများ စိုက်ပျိုးရေး ဆက်လက် လုပ်ကိုင်ရန် ခက်ခဲ

736

ဇူလိုင်လ(၁၈)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ပဲ၊ စပါးစိုက်ပျိုးရေး လုပ်ကိုင်ကြသော တောင်သူများ သွားလာရေး ပိတ်ဆို့မှုများကြောင့် ရွက်ဖြန်း မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများကြီးမြင့်လာသဖြင့် စိုက်ပျိုးရေးကို ဆက်လက်လုပ်ကိုင်နိုင်ရန် ခက်ခဲလာကြောင်း တောင်သူများက ပြောဆိုကြသည်။

ယခင်က ပဋိပက္ခကာလမတိုင်ခင် သွားလာရေးကောင်းမွန်သည့်အချိန်တွင် ဓါတ်မြေ ဩဇာဈေးနှုန်းများသည် မြန်မာကျပ်ငွေ သုံးသောင်းခန့်ရှိပြီး ပိုးသတ်ဆေး ဈေးနှုန်း ခုနှစ်သောင်းခန့် ရှိရာမှ ယခု တစ်ဆ ခွဲအထိ မြင့်တက်သွားသည့်အပြင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာပြီး ရွေ့ပြောင်း စစ်ရှောင် နေရခြင်းတို့ကြောင့် ပဲ၊ စပါးစိုက်တောင်သူ နည်းလာသလို စိုက်ပျိုးရေးလုပ်ကိုင်မှုလည်း အခက်တွေ့လာ ရကြောင်း မုန်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ပဲခင်းရော စပါးခင်းရော မြက်တွေကထ ပိုးတွေကကျ အစုံပေါ့ ပိုးသတ်ဆေးဈေးက အရင်သွားလာ လို့ လွယ်တုန်းက ဈေးသိပ်မရှိဘူး အခုက တစ်ဆခွဲလောက်တက်သွားတော့ ထည့်မနိုင်တော့ဘူး။ စစ်က လည်း ရှောင်နေရသေးတယ်။ နောက်နှစ်ဆိုဆက်လုပ်နိုင်ပါ့မလားတောင် မသိတော့ဘူး။” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ညောင်လေးပင်ခရိုင်တစ်ခုလုံးရှိ ဒေသခံအများစုမှာ ပဲ၊ စပါးစိုက်ပျိုးရေးနှင့် ခြံထွက်သီးနှံစိုက်ပျိုး ရောင်းချ ရေးကို အဓိက လုပ်ဆောင်ကြပြီး လတ်တလော လမ်းခရီး သွားလာရေး အခက်အခဲများကြောင့် တဆင့်ပြန် လည်ရောင်းချသူ ကိုယ်စားလှယ်များ ၎င်းသီးနှံများကို ဒေသအတွင်း လာရောက်ဝယ်ယူမှု မရှိတော့သလို သီးနှံဈေး ကွက်လည်း ပျက်ပြားသွားကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

စပါးစိုက်လုပ်ငန်းသည် အများအားဖြင့် ယခုလို မိုးတွင်းကာလ မိုးရေလုံလောက်စွာရရှိသည့်အချိန်တွင် စိုက်ပျိုးရခြင်းဖြစ်ပြီး စပါးကြီးထွားမှုအခြေအနေကိုကြည့်ရှု၍ အစာကျွေးခြင်း၊ ပိုးကျလာပါက ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ထည့်ဖြန်းခြင်းနှင့် လိုအပ်သလို မြက်နှုတ်ပေါင်းသင်မှုလည်း လုပ်ဆောင် ရကာ ထိုမှတဆင့် စပါးရိတ်သိမ်းပြီး မြေအစိုဓာတ်အနည်းငယ် ကျန်ရှိချိန်တွင် ပဲစိုက်လုပ်ငန်း ဆက်လက် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ပဲ၊စပါးစိုက်တောင်သူများ၏ ရှင်းလင်းပြောဆိုမှုအရသိရသည်။

အခြားဒေသခံအမျိုးသမီးတစ်ဦးက “ဒီဘက်မှာက ကိုယ်တိုင်စပါးစိုက်ပျိုးလို့ရတယ်ဆိုပေမယ့် ဘယ်လို လုပ်ကောင်းကောင်းစိုက်နိုင်မလဲ။ ပြေးရလွှားရနဲ့ဆိုတော့ ကိုယ့်စိုက်ခင်း ကိုယ်မကြည့်နိုင်တော့ဘူးလေ။ လမ်းတွေလည်းပိတ်တာနဲ့ စစ်တာနဲ့ဆိုတော့ ဆန်ဈေးက အရမ်းတက်ကုန်တာ။ ရိုးရိုးဆန်တောင် တစ်သိန်း နားကပ်နေပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

ပဲ၊ စပါး စိုက်ပျိုးမှုများမှာ စနစ်တကျ စောင့်ကြည့်လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သောကြောင့် နယ်မြေ အခြေအနေမ တည်ငြိမ်၍ မိမိတို့နေရပ်များမှ စွန့်ခွာထွက်ပြေးနေရသည့်အချိန်တွင် စိုက်ခင်း များအား ဂရုမစိုက်နိုင်ခြင်း၊ နေရပ်ပြန်နေထိုင်ချိန်တွင်လည်း ရွက်ဖြန်းဆေးဈေးများကြီးမြင့်မှုကြောင့် ဝယ်ယူသုံးစွဲရန် အခက်အခဲရှိ ခြင်းတို့ ကြုံတွေ့လာရသဖြင့် အသက်မွေးဝမ်းကြောင်းရေး စိန်ခေါ်မှုရှိလာကြောင်း ဒေသခံများ ကပြောဆို ကြသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် ဖေဖော်ဝါရီလအထိ ကေအဲန်ယူထိန်းချုပ်နယ်မြေ ညောင်လေး ပင်ခရိုင်တွင် စစ်ဘေးတိမ်းရှောင်ပြည်သူ တစ်သိန်းခွဲကျော်ရှိခဲ့ရာမှ ပြီးခဲ့သည့် လပိုင်းများမှ ဆက်လက် ဖြစ်ပွားနေသော နှစ်ဖက်တိုက်ပွဲများနှင့်ပဋိပက္ခများကြောင့် နှစ်သိန်းအထိ တိုးမြင့်လာနိုင်သည်ဟုလည်း ကရင်အရပ်ဘက်စစ်ရှောင်ကူညီသူများထံမှ သိရသည်။