ဇူလိုင်လ ၁၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးလက်များတွင် မြို့ပေါ်မှ ဝယ်ယူစားသုံးရသည့် ဆန်ဈေးနှုန်းမြင့်တက်မှုကြားက ယခုဆိုလျှင်ဆန်ဝယ်ယူရန်ပင် ခက်ခဲနေသည့်အပြင် လယ်လုပ်သူများလည်း သိုလှောင်ထားသည့် ဆန်များပါ မလုံလောက်တော့ဘဲ ဖြစ်လာကြောင်း ဒေသခံပြည်သူများက ပြောဆိုနေကြသည်။
ကော့ကရိတ် မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများဘက်တွင် ဒေသထွက်ဆန်များရောင်းချသူ မရှိသလောက် နည်းပါးလာကာ ကော့ကရိတ်မြို့သို့ သွားရောက်ဝယ်ယူရန်မှာလည်း လမ်းပန်းဆက်သွယ်ရေးနှင့် စစ်ကောင်စီ၏ တားမြစ်စစ်ဆေးမှု အခက်အခဲများရှိနေကြောင်း ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ဒေသခံ အမျိုးသမီး တစ်ဦး က ယခုလို ပြောသည်။
၎င်းက “ကျမတို့ တစ်ရွာထဲမဟုတ်ဘူ။ ကော့ကရိတ်မြို့နယ် တောင်ပိုင်းက ပြည်သူအားလုံး အစားအစာ မလုံလောက်တော့ဘူး။ ဆန်ကဈေးတက်တယ်။ ရွာသားတွေပြန်ရောင်းပေးတာလည်း မလုံလောက်ဘူး။ ကော့ကရိတ်မှာ သွားဝယ်ဖို့က လမ်းတွေ ဖျက်ဆီးခံနေရတယ်။ မိုးတွင်းလမ်းပျက်တော့ ပတ်လမ်းနဲ့သွားလည်း အခက်အခဲ အများကြီးရှိတယ်။မြို့ထဲမှာ ဆန်များများ သွားဝယ်ရင်လည်း စစ်ကောင်စီတွေ အမျိုးမျိုးစစ်ဆေးမေးမြန်းနေတယ်။”ဟု ကေအိုင်စီသို့ပြောသည်။
အလားတူ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းရှိ နန်းကတိုး၊ တောင်ကြား၊ ပျားပင်၊ ကြောင်လျှာကုန်း၊ စသည့်ကျေးရွာများတွင်လည်း ဒေသတွင်း တိုက်ပွဲများကြောင့် ဒေသခံ လယ်သမားများ လယ်ယာစပါး စိုက်ပျိုးလုပ်ကိုင် နိုင်ခြင်းမရှိတော့သဖြင့် ဆန်ရောင်းချပေးမည့်သူ မရှိကြောင်းလည်း ဒေသခံရွာသားများက ပြောသည်။
“အခုမလုပ်နိုင်တဲ့လယ်တွေ ဧက ထောင်၊ သောင်းလောက်ရှိတယ်။ပြီးခဲ့တဲ့နှစ်က လယ်လုပ်ထားတော့ ဒီနှစ်က စားလို့ရသေးတယ်။ ဒီနှစ်က (လယ်)မလုပ်ရတော့ နောက်နှစ်စားဖို့မရှိတော့ဘူး။ ဒေသခံတစ်ချို့ ပြောကြတယ်။ လိုက်ဝယ်စားဖို့က ရောင်းမဲ့သူမရှိဘူး။ တစ်နှစ်လုပ် တစ်နှစ်စားပဲဆိုတော့ ဒီနှစ်မလုပ်တော့ နောက်နှစ် စားဖို့မရှိတော့ဘူ။ ဒါကြောင့် ဆန်တွေ တစ်ယောက်နဲ့တစ်ယောက် ရောင်းပေးလို့မတတ်တော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်မြို့နယ်တွင် ပြီးခဲ့သည့်နှစ်တွင် ဒေသထွက်ဆန်ဈေးနှုန်းသည် တစ်တင်းလျှင် (၂၀,၀၀၀)ကျပ်ဝန်း ကျင်သာ ရှိပြီး ယနှစ်မှာမူ တစ်တင်းလျှင် (၄၅,၀၀၀)ကျပ်မှ (၅၀,၀၀၀)ကျပ်အထိရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကော့ကရိတ်မြို့နယ်ရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင် လယ်ယာစပါးစိုက်ပျိုးလုပ်ကိုင်ကြသော်လည်း အဆိုပါ ဒေသထွက် ဆန်များသည် ဒေသခံများအတွက် လုံလောက်မှုမရှိသဖြင့် ကော့ကရိတ်မြို့ပေါ်ရှိ ဆန်များကို ဝယ်ယူ စားသုံးနေကြရကြောင်းလည်း ဒေသခံများကဆိုသည်။
ယခုနှစ်မှာမူ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ လယ်မြေဧကအများအပြားလည်း စိုက်ပျိုး လုပ်ကိုင်နိုင်ခြင်းမရှိတော့သည့်အပြင် ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း ဒေသခံများထံမှ သိရသည်။



















