ဇူလှိုင်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် မိုးရွာသီဘောလုံးပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီက ပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံမှုများပြုလုပ်လျက်ရှိကြောင်း ဖားအံမြို့ခံထံမှ သိရသည်။
ဖားအံမြို့ပေါ်တွင် ပြီးခဲ့သည့် ဇွန်လဒုတိယအပတ်မှ စတင်ပြီး အသက်၂၅နှစ်အောက်မိုးရာသီ ဘောလုံးပြိုင်ပွဲကို ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးများက တစ်အိမ်ထောင်လျှင် မပေးမနေရ ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ပြည်သူများထံမှ အတင်းအဓမ္မကောက်ခံမှုများ ပြုလုပ် ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။
၎င်းက “၂၀၀၀ဆိုတာထက်၊ အဲ့ထက်ပိုပေးနေရတာတွေရှိတယ်။ ဒါပေမယ့်ဘယ်သူမှ သိပ်ပြီး မပြောရဲ ကြဘူးလေ။ ဒီလိုကာလမှာ ၂၀၀၀လည်း ပိုက်ဆံပဲ မပေးချင်ဘဲပေးရတာပေါ့။ ခေတ်ကောင်းနေရင်တစ်မျိုး အခုက ဒီအာဏာ ရှင်တွေလုပ်တဲ့ပွဲကို စေတနာကိုမရှိတာ။ တချို့ လူတွေအတွက် ၂၀၀၀က ဘာမှမဟုတ်ပေမယ့် နေ့စားတွေ ၊ ဒီကာလ အလုပ်လက်မဲ့တွေအတွက်တော့ အခက်အခဲဖြစ်တာပေါ့။ ဒီလိုကာလ မှာ မဖြစ်ဖြစ်အောင်ပွဲလုပ်မယ်ဆိုတဲ့ သဘောမှာရှိတယ်။” ဟု ကေအိုင်စီသို့ပြောသည်
ယခင်နှစ်များကလည်း မိုးရာသီဘောလုံးပွဲအတွက် ငွေကြေးကောက်ခံမှုမျိုးရှိခဲ့သော်လည်း ယခုအာဏာ သိမ်းကာလအတွင်း ဒေသခံများအနေဖြင့် စီးပွားရေးမပြေလည်မှုများနှင့် အလုပ်အကိုင်ရှားပါးလာသောကြောင့် ငွေကြေးပေးဆောင်ရန်အတွက် အခက်အခဲများရှိနေကြကြောင်းလည်း ဒေသခံများကပြောသည်။
“အခုဆိုရင်ဘေးတွဲလည်းမောင်းမရဘူး။ လိုင်စင်မဲ့ကားဖမ်းတယ်။ ဧည့်စာရင်းတွေ တောက်လျှောက်စစ်တယ်။ ညဘက်အပြင်ထွက်ရင် ဖမ်းပြီး ငွေတွေသိန်းနဲ့ချီရွေးရတယ်။ အရင်က ဖားအံက ဒီလိုမှ မဟုတ်တာ။ အခွင့်အလမ်းတွေပိတ်ကုန်တယ်။” ဟု နောက်ထပ် မြို့ခံတစ်ဦးကလည်း ပြောသည်။
အဆိုပါ ဖားအံမြို့ပေါ်ရှိ စစ်ကောင်စီတပ်မ ၂၂ စစ်တပ်ဝင်းအနီးတွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်၊ နေ့လည် ၁ နာရီဝန်းကျင်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မြို့အဝင်အထွက်များကို ပိတ်ထားကြောင်း ဖားအံမြို့ခံများ ပြောစကားအရ သိရသည်။



















