ဇူလိုင်လ ၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ အလူးလေးကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၇)ဦးသေဆုံးပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုဘက်က ပြောသည်။
ထိုနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် KNLA တပ်ရင်း-၃၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျိုက်ထို တော်လှန်ရေးအင်အားစု၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF တို့ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်သို့ဖြတ်သန်းလာသော စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်ဘက်က ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်မှရဲဘော်တစ်ဦးက “ ပထမက ကျနော်တို့ မိုင်းချထားတဲ့နေရာမှာ ပြည်သူ့ ကားလာရပ်ထားတော့ မဆွဲတော့ဘူး ပြန်မယ်ဆိုပြီး လုပ်နေတုန်း ကားထွက်သွားပြီးတော့ စစ်တပ် ဘက်ကကားက လာရပ်တာပဲ မိုင်းနှစ်လုံးဆွဲလိုက်တာ တစ်စီးပျက်စီးသွားတယ်။ အရင်တုန်းကဆို သူပစ် ကိုယ်ပစ်ပဲ အခုကကျနော်တို့ဘက်က ပစ်ခတ်မှုပြီးလို့ ပြန်ဆုတ်တော့မှ သူတို့ပြန်ပစ်နိုင်တယ်။” ဟု ပြောသည်။
ထိုသို့ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် တိုက်ပွဲဖြစ်ပွားရာအနီးသို့ ပိုင်ရှင်မသိဟွန်ဒါဖစ် အနက်ရောင် ကားတစ်စီးရောက်ရှိလာပြီး ကားလမ်းမကြီးဘေးရှိနေအိမ်များသို့ သေနတ်ငါးချက်စီခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ(၂၉)ရက်နေ့ကလည်း KNLA ပူးပေါင်းတပ်များ၏ မိုင်းခွဲမှုကြောင့် ပျက်စီးသွားသော သထုံနှင့်ဘီးလင်းမြို့အကြားရှိ ကျုံအိတ်တံတား(ရွှေရောင်ပြတံတား)အား စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ ရဲဘက်နှင့်ဌာနဆိုင်ရာမှ ဝာာဝန်ရှိသူများက လာရောက်ကြည့်ရှုစဉ် ဒရုန်းဗုံးဖြင့်ကြဲချတိုက်ခိုက်ခံရ၍ ဝန်ထမ်းတစ်ဦးသေဆုံးသလို အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ဘက်က ပြောဆိုထားသည်။



















