Home သတင်း နေအိမ်တန်းလျားငှားရမ်းခများ ယခင်ကထက် ဈေးနှုန်းနှစ်ဆ မြင့်တက်နေ

နေအိမ်တန်းလျားငှားရမ်းခများ ယခင်ကထက် ဈေးနှုန်းနှစ်ဆ မြင့်တက်နေ

939
Photo: CJ

ဇူလိုင်လ၂၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ရပ်ကွက်အတွင်း နေအိမ်တန်းလျားငှားခဈေးနူန်းများသည် ယခင်လထက် ငှားရမ်းခဈေးနှုန်း နှစ်ဆ မြင့်တက်လာကြောင်း နေအိမ်ငှားရမ်းနေထိုင်သူများက ပြောသည်။

စစ်အာဏာသိမ်းထားသည့် ကာလအတွင်း မြဝတီမြို့ပေါ် တွင် အခြေခံစားသောက်ကုန်ဈေးနူန်းများ အဆမတန် မြင့်တက်လာသောကြောင့် အိမ်တန်းလျားငှားရမ်းခြင်း လုပ်ငန်းကို မှီခိုပြီးလုပ်ကိုင်စားသောက်သူများအနေဖြင့် အိမ်ငှားခကို ယခင်ကထက် ဈေးတင်ငှားရမ်းလိုက်ရခြင်းဖြစ်ကြောင်း အိမ်အငှား လုပ်ကိုင်သူတစ်ဦးက ယခုလို ပြောသည်။

“ကိုယ်က ဒီအလုပ်တစ်ခုထဲကိုပဲ မှီခိုနေရတာလေ။ ဒီကာလမှာက အလုပ်အကိုင်က ထင်သလောက်မရှိဘူး။ အလုပ်လည်းရှားတယ်။ ပြီးတော့ ကုန်ဈေးနှုန်းကကျသွားတာမရှိဘူး။ တက်ဘဲတက်လာတာ။ အဲ့တာကြောင့် အခုလို ဈေးတင်လိုက်ရတာ။” ဟု နေအိမ်တန်းလျားပိုင်ရှင်တစ်ဦးက ကေအိုင်စီ သို့ပြောသည်။

ယခုလို နေအိမ်တန်းလျားဈေးနှုန်းများ တိုးလိုက်သောကြောင့် အိမ်တန်းလျားတွင် ငှားရမ်းနေထိုင် သူများ အနေ ဖြင့် ကုန်ဈေးနှုန်းမြင့်တတ်မှုဒဏ်များအပြင် အလုပ်အကိုင်ရှားပါးမှုအခြေအနေများကြောင့် တန်းလျားငှားရမ်း နေထိုင်သူများအနေဖြင့် ပိုမို ဒုက္ခရောက်လာကြကြောင်း နေအိမ်တန်းလျား ငှားရမ်းသူ တစ်ဦးက ပြောသည်။

၎င်းက “အခုဆိုရင် အိမ်ခန်းတစ်ခန်းကို တစ်လကို နှစ်သိန်းပေးရတယ်။ အရင်ကဆို ခြောက်သောင်းခွဲ ခုနှစ်သောင်းအများဆုံးပဲ။ ရေဖိုး မီးဖိုးမပါသေးဘူး။ ကိုယ်က ဒီတန်းလျားမှာပဲ ဆိုင်လေးဖွင့်ထားတာဆိုတော့ ကုန်ကျစရိတ်တွေ များတာပေါ့။ တန်းလျားဖိုးကို အဓိက ရှာနေရသလိုဖြစ်နေတယ်။ ကိုယ်ပိုင်မြေဝယ်ဖို့က လည်း မြေဈေးကမိုးထိုးနေပြီး။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ မြဝတီမြို့နှင့် အနီးဒေသတွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲဖြစ် ပွားလေ့ရှိသလို လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်း လတ်တလော နိုင်ငံ၏ စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး ငွေကြေးတန်ဖိုးများလည်း ကျဆင်းကာ ဒေသတွင်း ကုန်စျေးနှုန်းများလည်း အဆမတန် မြင့်တက် လာလျက်ရှိသည်။

အလားတူ ဖားအံမြို့ရှိ တန်ဖိုးနည်းအိမ်ယာများတွင်လည်း အိမ်ငှားခဈေးနှုန်းများ ယခင်လကထက် မြင့်တတ် လာသောကြောင့် သာမန် အလုပ်လုပ်ကိုင်သူများအနေဖြင့် ယခုလက်ရှိ လုပ်ကိုင်နေသည့် အလုပ်အပြင် အပို ဝင်ငွေများ ရရှိအောင် အခြားသောလုပ်ငန်းများကိုပါ လုပ်ကိုင်ရမည့်အနေအထားနှင့်ကြုံတွေ့လာရကြောင်း အခက်အခဲ ကိုယ်တိုင်ကြုံတွေ့နေရသည့် ဒေသခံတစ်ဦးကပြောသည်။

၎င်းက “တန်ဖိုးနည်းအိမ်ရာဆိုပေမဲ့ ဒီလမှာ တစ်သိန်းခွဲထိပေးရတာတွေရှိတယ်။ လုပ်တဲ့အလုပ်က တစ်လကို တစ်သိန်းကျော်ကျော်လောက်ပဲရတာလေ။ ဒါတောင်သူငယ်ချင်းနဲ့ ငှားနေလို့ သက်သာတာ။ ဟိုတယ်တွေ တောင် တစ်ညတည်းရင် အခုလက်ရှိပေါက်ဈေးဆို တစ်ညကိုတစ်သိန်းလောက်ထိ ပေါက်နေတာရှိတယ်။ နောက်လတွေဆိုရင် အလုပ်ကို နှစ်ခုလောက် ထိလုပ်ရဖို့ရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

လတ်တလော မြဝတီမြို့တွင် အိမ်တန်းလျားငှားရမ်းခဈေးနူန်းများ မြှင့်တတ်လာယုံသာမက ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ မှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ကားများဖြင့် ပစ္စည်းများပေးပို့ရာတွင်လည်း တန်ဆာခ ဈေးနှုန်းများသည် ယခင်ကထက် သိသိသာသာ ဈေးတက်လာကြောင်း မြို့ခံ စီးပွားရေးလုပ်ငန်းရှင် များထံမှ သိရသည်။