Home သတင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

864

ဇူလိုင်လ ၁၆ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူခရိုင် ဆောထိမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်များက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ကြောင်းထိုး ဝင်ရောက် မှုကြောင့် ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူစုစုပေါင်း (၁၄,၁၁၇) ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရ ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကျေးရွာများထဲသို့ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ−၂၀)နှင့် ခြေလျင်တပ်ရင်း (ခလရ−၂၆၄) တပ်များက လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသလို ကျေးရွာနေပြည်သူများအနေဖြင့် မြို့ပေါ်တွင် စားနပ်ရိက္ခာသယ်ယူရာ၌ သယ်ဆောင်ခွင့်မပြုပဲ တွေ့ရှိပါက ဖမ်းဆီးမှုများနှင့် ပစ္စည်းသိမ်းယူမှုများလည်း ပြုလုပ်နေကြောင်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ခမရ-၂၀နှင့် ခလရ-၂၆၄တို့၏ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အောက်မိုးခို၊ရွှေခဲစု ၊အင်းကျိုက်၊ အင်းပုဝါ၊ဂွေးကုန်း၊ ချုံအင်းနှင့် ကောက်မယ့်သူ စသည့်ကျေးရွာများမှ ဒေသခံ ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ကျေးရွာအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကိုလည်း သိမ်းယူမှုများပြုလုပ်နေကြောင်း ကေအဲန်ယူကဆိုသည်။

အလားတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၇)၏ လက်အောက်ခံ ပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် အနီးအနားရှိ ကျေးရွာများ ဖြစ်သည့်ပျဉ်ရေ၊ ဝိုင်ကျွန်း၊ သိုက်တူးကုန်း၊ညောင်ပင်ကြီးရွာသစ်၊ ညောင်ပင်ကြီး ရွာမ၊စပ်စု၊ သက်ကယ်ကုန်း၊ အင်္ဂနီ၊ ကျောက်တန်း၊စံဖဲ စသည့်ကျေးရွာများမှ ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဆက်လက်ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင်လည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် မုန်းမြို့နယ်အတွင်းရှိ ဇဟာရွာ၊ရေတွင်းကုန်းလေး နှင့် ကျီးရိုး စသည့်ကျေး ရွာ အတွင်းမှ ဒေသခံပြည်သူစုစုပေါင်း (၃,၃၃၅)ဦးလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။