ဇူလိုင်လ(၁၆)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
လူထုမျှော်မှန်သော ပန်းတိုင်ကို အမြန်ရောက်ရှိစေရန် ကရင့်အမျိုးသားအဖွဲ့အစည်း တိုးတက်မှုများတွင် လူထုအားလုံး စည်းလုံးမှုဖြင့် လက်တွဲပူးပေါင်း စေလိုကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက ယနေ့ ဇူလိုင်လ ၁၆ရက်နေ့တွင် ကျရောက်သည့် KNDO နေ့ အခမ်းအနားတွင် တိုက်တွန်းပြောဆိုလိုက်သည်။
KNDO ဖွဲ့စည်းတည်ထောင်သည့် (၇၆) နှစ်ပြည့် အခမ်းအနားကို KNDO ၏ ဗဟိုဌာနချုပ်တွင် ကျင်းပပြု လုပ်ခဲ့ရာ KNDO ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက လူထုမျှော်မှန်းသောပန်းတိုင်သို့ အလျှင်အမြန် ရောက်ရှိနိုင်ရန် ကရင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အဖွဲ့အစည်း၏တိုးတက်ရေးတွင် ပူးပေါင်း ပါဝင်ကြရန် ယခုလို တိုက်တွန်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့အချင်းချင်းက မညီညွှတ်ဘူး လက်တွဲမလုပ်ဆောင်ဘူးဆိုရင် ကိုယ့်ရန်သူဖြစ်တဲ့စစ်ကောင်စီက အင်အားစိုက်ဖြိုခွင်းစရာမလိုဘဲ ပြိုကွဲသွားမှာြဖစ်တယ်။ ဒါကြောင့် အတူတကွ ပူးပေါင်းကြပါ ကိုယ့်အဖွဲ့ အစည်းတိုးတက်ဖို့ တစ်ညီတစ်ညွတ်တည်း လုပ်ဆောင်ကြပါ။” ဟု အခမ်းအနားတွင် တိုက်တွန်း ပြောဆို ခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး ကရင့်တော်လှန်ရေးလုပ်ဆောင်ရာတွင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူမှ ချမှတ် ထားသော လမ်းစဥ်များအတိုင်း လုပ်ဆောင်သွားရမည်ဖြစ်သလို လက်လျော့အရှုံးပေးချင်စိတ်နှင့် မိမိတို့ အဖွဲ့အစည်းအား အပုပ်ချလိုစိတ်များ ရှိနေဦးမည်ဆိုပါက ရည်မှန်းချက်ပန်းတိုင်နှင့် အလှမ်းဝေး နေဆဲ ဖြစ်မည်ဟုလည်း ၎င်းကဖြည့်စွက်ပြောဆိုခဲ့သည်။

အဆိုပါ KNDO ဖွဲ့စည်းတည်ထောင်ခြင်း (၇၆) နှစ်ပြည့်အခမ်းအနားသို့ ကေအဲန်ယူ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ ဝါရင့်တော်လှန်ရေးခေါင်းဆောင်ကြီး ပဒိုစောသမိန်ထွန်း၊ KNDO ၏ စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် စောရှီးလေနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းသားလူငယ်များနှင့် ကရင်လူထု ၃၀၀ ဝန်းကျင် တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားသို့တက်ရောက်လာသူ လူငယ်တစ်ဦးကလည်း “KNDO ဆိုတာ အင်းစိန်တိုက်ပွဲကနေ လက်နက် ခဲယမ်းမလုံလောက်လို့ ထွက်ခွာခဲ့ရပေမယ့် ကရင့််တော်လှန်ရေးမှာ ပထမဆုံး ကျည်ဆန် ထွက်ပေးခဲ့တဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်တယ်။ ကရင်လူငယ်တစ်ယောက်အနေနဲ့ အဲဒီလို ကိုယ့်ရဲ့ကရင်အဖွဲ့အစည်းအောက်ကနေ တရားဝင်ဖွဲ့စည်းထားတဲ့ KNDO ရဲ့(၇၆)နှစ်မြောက်နေ့ အခမ်းအနား ကို အခုလိုတက်ရောက်ဂုဏ်ပြုခွင့်ရတာ ဝမ်းသာတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အတူ အခမ်းအနားတွင် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေမှ (၇၆)နှစ်မြောက် KNDO နေ့ အတွက် မိန့်ခွန်းပြောကြားပြီးနောက် တက်ရောက်လာသောခေါင်းဆောင်များမှ KNDO နေ့ စတင် ဖြစ်ပေါ်လာပုံနှင့်ဆက်စပ်သည့် အကြောင်းအရာများနှင့် တက်ရောက်လာသူများအား ကျေးဇူးတင်စကား ပြောကြားခြင်းအပြင် ကရင်လူငယ်များမှ အခမ်းအနားသို့ပေးပို့လာသော သဝဏ်လွှာများအား ဖတ်ကြား ပေးခဲ့ပြီး ကျောင်းသားလူငယ်များက တေးသရုပ်ဖော်များဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ကရင်လူမျိုးများသည် ကရင်ပြည်နယ်ရရှိရန် ဖဆပလ အစိုးရထံ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြသော်လည်း လက်ခံမှုမရှိခဲ့သောကြောင့် ကရင်ခေါင်းဆောင်များက ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့တွင် လက်နက်ကိုင်တိုက်ပွဲဖြစ်လာနိုင်၍ လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက် ရန်၊ ကရင်တစ်မျိုးသားလုံး၏အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် စည်းရုံးလှုံ့ဆော်ရေးတွင် လက် နက်ကိုင်စည်းရုံးခြင်းဖြင့် ပိုမိုအောင်မြင်မှုရရှိရန် စသော ရည်ရွယ်ချက်(၃)ရပ်ဖြင့် KNDO ကို ဖွဲ့စည်း တည် ထောင်ခဲ့ခြင်းဖြစ်သည်။




















