ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် ဘီးလင်းမြို့ နယ်အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်များသည် ယမန်နေ့က ပြန်လည်ဆုတ်ခွာသွားပြီးဖြစ်သော်လည်း စစ်ကြောင်း ထပ်မံပြန်လည်ဝင်ရောက် လာနိုင်ခြင်းကြောင့် စိုးရိမ်စိတ်ဖြင့်နေထိုင်နေရကြောင်း နေရပ်ပြန်ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၁၅)ရက်နေ့က ငှက်ပျောတော၊ ကရဝေးဆိပ်နှင့် အနီးအနားရှိ ကျေးရွာများထဲသို့ အင်အား (၁၅၀)ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာ၍ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်သဖြင့် ဒေသခံ ရွာသားများသည် အနီးနားရှိ ဘေးလွတ်ရာ ကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီးနောက် လက်ရှိ တွင် နေရပ်ပြန်နေထိုင်ကြသော်လည်း စစ်ကြောင်းထပ်မံ ဝင်ရောက်လာမည်ကို စိုးရိမ်နေရကြောင်း ဘီးလင်း မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးကယခုလိုပြောသည်။
“အခုတော့ စစ်တပ်တွေပြန်သွားပြီဆိုပေမယ့် ရှောင်တုန်းကတော့ ဘေးနားရွာတွေမှာ ခဏတဖြုတ်ရှောင်တယ်။ အခုပြန်နေတော့ အားလုံးသတိနဲ့နေရတာပေါ့။ အရင်ကလည်း စစ်ကြောင်းထိုးလာရင်ပြေးတယ်။ အဲ့လိုပဲ နေ နေရတာ။ သူတို့(စစ်ကောင်စီ)ပြန်သွားတုန်းက ရွာသားတစ်ယောက်ပိုင်တဲ့ ကားတစ်စီးနဲ့ ဆိုင်ကယ် တစ်စီးကို ယူသွားတယ် “ဟု ကေအိုင်စီသို့ ပြောသည်။
သထုံခရိုင်အတွင်း ထိုသို့ စစ်ကောင်စီတပ်များ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံ များအနေဖြင့် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ရှင်သန်ရပ်တည်ရေး ခက်ခဲလာကြသလို စစ်ဘေးရှောင် ကလေးသူငယ်များလည်း ပညာသင်ကြားခွင့် ဆုံးရှုံးနေကြကြောင်း လည်း ဒေသခံ စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN)၏ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူးရှီးက ”တပ်မဟာ (၁)က တခြားတပ်မဟာတွေလို စစ်ဖြစ်ရင်လည်း အချိန်မှီ သတင်းမရဘူး။ ဘာလို့လဲဆိုတော့ အင်တာနက်လိုင်း က မကောင်း တဲ့အတွက် ကျမတို့နဲ့ ဆက်သွယ်မှုအားနည်းတယ်။ အစားအသောက်ဘက်မှာ ကူညီရင်လည်း တခြားတပ်မဟာတွေလို မလွယ်ဘူး။ အကူညီလည်း သူတို့ဆီသိပ်မရောက်ဘူး။ တချို့ဆိုရင် စစ်တပ်နဲ့နီးလို့ မြို့နဲ့ နီးလို့ မယူရဲတာလက်မခံရဲတာလည်း ရှိတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် ဇူလိုင်လ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ထိုကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက် တပ်စွဲနေထိုင်ရာတွင် ဇူလိုင်လ(၁၆)ရက်နေ့က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၃)ဦး သေဆုံးခဲ့သလို စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ(၃)ဦး သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များနှင့်ဒေသခံများ၏ ပြောဆိုမှုအရ သိရှိရသည်။
ဆက်လက်ပြီး ပြီးခဲ့သည့် ဇူလိုင်လ(၁၄) ရက်နှင့် (၁၃)ရက်နေ့တို့တွင်လည်း ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝါးဒတ်ကွင်း ကျေးရွာနေ အသက်(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး စစ်ကောင်စီတပ်များထောင်ထားသော မြေမြှုပ်မိုင်း နင်းမိ၍ သေဆုံးခဲ့ရသလို မုပ္ပလင်ကျေးရွာအနီး စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် သီလရှင်တစ်ပါး လက်မောင်းထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ ယမန်နေ့ ထုတ် ပြန်ချက်အရ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေတွင် စစ်ရေးပဋိပက္ခ ပြင်းထန်လာခဲ့ပြီး နှစ် ဖက် အပြန်အလှန် တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်က အထိနာသောကြောင့် ကျေးရွာအတွင်း စစ်ကြောင်း ထိုး ဝင်ရောက်ခြင်းအပြင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကို လုပ်ဆောင်သောကြောင့် ထောင်နှင့်ချီသည့် ဒေသခံ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ရလေ့ရှိပြီး ထိခိုက် သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပေါ်ကာ လတ်တလောအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိသည်ဟု နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူများထံမှ သိရသည်။



















