ဇူလိုင်လ၁၈ရက်၊၂၀၂၃ခုနှစ်၊ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တိုင်းဒေသကြီးလွှတ်တော်ဝန်ကြီးများ အိမ်ရာ၊ နယ်စပ်ရေး ရာဌာနရုံး နှင့်(ထားဝယ်-လောင်းလုံး)ဆက်သွယ်ထားသော ကမြောကင်းတံတား အနီး ကင်းပုန်းချထားသော စစ်ကောင်စီ တပ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDFမှ ယနေ့ ဇူလိုင် လ ၁၈ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီး လွှတ်တော် ဝန်ကြီးအိမ်ရာ၊ နယ်စပ်ရေးရာဌာနရုံးနှင့် ကမြောကင်းတံတားအနီး ကင်းပုန်းချထားသော စစ်ကောင်စီတပ်များကို LLPDFတပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့် ဇူလိုင်လ ၁၆ရက်နေ့ည ၁၁ နာရီအချိန်တွင် (၈၁မမ) လက်နက်ကြီးများ ဖြင့် သွားရောက် ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုထားသည်။
LLPDFမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “နှစ်ဖက် အပြန်အလှန်ပစ်ခတ် မှုမရှိခဲ့ဘူး။ ကျနော်တို့ပဲ ပစ်ခတ်ပြီး ပြန်ဆုတ်ခဲ့တယ်။ အရင်တစ်ခေါက်ကလည်း သွားပြီးပစ်ခတ်ခဲ့တယ်။ အရင် တစ်ခါကတော့ နေအိမ်အဆောက် အအုံထိခိုက်ပျက်စီးတာတွေရှိတယ်။ ဝန်ကြီးအိမ်ရာကို အခုက ဒုတိယ အကြိမ်ပါ။ ထိခိုက်မှုတွေကိုတော့ အခုထိ သတင်းလိုက်မရဖြစ်နေတုန်းပါဘဲ။” ဟု ကေအိုင်စီ သို့ပြော သည်။
အဆိုပါ တိုက်ခိုက်ခံရမှုအပြီး လက်ရှိတွင် ထားဝယ်-လောင်းလုံး ဆက်သွယ်ထားသော ကမြောကင်းတံတား အနီးတစ်ဝိုက်တွင် ရဲနှင့် စစ်သားများပူးပေါင်းကာ လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားပြီး ၎င်းလမ်းပိုင်းမှ ဖြတ်သန်းသွားလာသောသူများကိုလည်း စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်လျက်ရှိကြောင်းအမည်မဖော်လိုသူ လောင်းလုံဒေသခံတစ်ဦး ကပြောသည်။
၎င်းက “အဲ့ဒီနေရာက ခဏခဏအသံကြားရတယ်။ လုံခြုံရေးချထားလည်း ပစ်ခံထိတာဘဲလေး။ ဖြတ်သွားတဲ့ သူတွေစီကနေ မှတ်ပုံတင်တွေ တောင်းတယ်။တစ်ခါတလေဆိုရင် ဆိုင်ကယ်ဆင်းတွန်းရတဲ့ အထိဘဲ။ အဲ့ခါကျ တော့မလိုအပ်ဘဲ လမ်းတွေပိတ်တာပေါ့။”ဟု ကေအိုင်စီ သို့ပြောသည်။
ပြီးခဲ့တဲ့ရက်ကလည်း လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို လောင်းလုံးမြို့နယ်ရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းအတွင်းရှိ စစ်ကောင်စီ နှင့်ရဲတပ်သား (၂)ဦးသေဆုံးခဲ့ပြီး အခြား(၂)ဦးပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းဒေသတွင်းသတင်းထုတ်ပြန်ထားချက်များ အရသိရသည်။
ပြီးခဲ့သည့် မေလ၃၁ ရက်နေ့ကလည်း အဆိုပါ တိုင်းဒေသကြီး ဝန်ကြီးများ အိမ်ယာကို LLPDF မှ (၈၁ မမ) လက်နက် ကြီး ဖြင့် သွားရောက်ပစ်ခတ်ခဲ့သေးပြီး အဆောက်အဦး ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။



















