Home သတင်း စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းနင်းမိ၍ ကလေးငယ်တစ်ဦးသေဆုံး

စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းနင်းမိ၍ ကလေးငယ်တစ်ဦးသေဆုံး

740
Photo: KNU

ဇူလိုင်လ ၁၇ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ(၁)နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင်၊ကျိုက်ထိုမြိုနယ်၊ ဝါးဒတ်ကွင်း ကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့ရ ကြောင်း ကေအဲန်ယူ ဒူးသထူခရိုင်က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က စစ်ကောင်စီတပ်၏ တပ်မ−၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ−၂၀၇) တပ်မှ ထောင်ထားသည့် မြေမြှပ်မိုင်းကို နင်းမိ၍ ခရွဲကျေးနယ် ဝါးဒတ်ကွင်းကျေးရွာမှ အသက် ၁၃ နှစ်အရွယ်ရှိသည့် မောင်အေးချမ်းသည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် ထိခိုက်သေဆုံးခဲ့ရကြောင်း ကေအဲန်ယူ ဒူးသထူခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ တပ်မ−၄၄ လက်အောက်ခံတပ်ရင်း စစ်ဆေးရေးဂိတ်စခန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မုပ္ပလင်ကျေးရွာအနီးရှိ အေးဘုရားဘုန်ကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦး ၂ လုံးနှင့် ဘုန်းကြီးကျောင်းဝန်းအတွင်းထဲမှ မယ်သီလရှင် − မစာရီ၏ လက်မောင်းလည်း လက်နက်ကြီးကျည် ထိမှန်ဒဏ် ရာရခဲ့ကြောင်းလည်း KNU က ဆိုသည်။

ထို့အပြင် သထုံ၊ ဘီးလင်း နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရန်ကုန်−မော်လမြိုင် ကားလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်−KNLA ၊အပြင် တောကျီးကန်းစစ် ကြောင်းတို့ အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ နီးစပ်သည့်ကျေးရွာများထဲသို့ လက်နက်ကြီး ပစ်ခတ်နေကြောင်းလည်း တောကျီးကန်းစစ်ကြောင်း၏ တပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

“စကစဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေက နေ့စဉ်လိုပါပဲ။ ကျနော်တို့တွေ ခိုအောင်း နိုင်မယ်ထင်တဲ့ နေရာတွေဘက်ကိုလည်း ပစ်ခတ်မှုတွေ လုပ်နေပါတယ်”ဟုပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်၏ ကင်မွန်းရဲစခန်းနှင့်် တပ်မ−၄၄ တပ်တို့မှ ကျိုက်ထိုမြို့နယ်အတွင်းရှိ ငှက်ပျော တော၊မုပ္ပလင်စသည့်ကျေးရွာများအတွင်းသို့ လက်နက်ကြီး မကြာခဏ ပစ်ခတ်နေမှုကြောင့် ကျေးရွာအတွင်းရှိ ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ကေအဲန်ယူဒူးသထူခရိုင်၏ သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ အမှတ်−၃၁၄ အမြှောက်တပ်ရင်းမှ သထုံမြို့နယ် ရွှေရောင်ပြကျေးနယ်အတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၂ လုံး၊ စာသင်ကျောင်း ၊ဆေးခန်းနှင့် အဆောက်အဦးအချို့လည်း လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့သေးသည်။

စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များတိုးလာပြီး ကျေးရွာအတွင်းမှ သွားလာသည့် ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်း၊ကုန်ပစ္စည်းများ ကန့်သက် ခြင်း နှင့် ငွေညှစ်တောင်းခံခြင်းများကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးပြီး ဒေသခံများ၏ စားဝတ်နေရေးခက်ခဲမှုများလည်း ရှိလာနေသည်ဟု ကေအဲန်ယူ၏ သတင်းထုတ်ပြန် ဖော်ပြချက်အရ သိရသည်။