ဇူလိုင်လ(၁၇)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများသို့ ပြီးခဲ့သည့် ဇူလိုင်လ(၁၅)ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်၍ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ(၃)ဦးသေဆုံးပြီး တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင် နေရကြောင်း ဒေသခံ များ၏ပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီတပ်များသည် ဘီးလင်းမြို့နယ်အတွင်းရှိ ငှက်ပျောတော၊ ကရဝေးဆိပ်၊ ရှမ်းစု၊ ချမ်းမြေ့နှင့် ဇီးကုန်း စသည့် ကျေးရွာများဘက်သို့ အဆိုပါနေ့က အင်အားအများအပြားဖြင့် စစ်ကြောင်း ထိုးဝင် ရောက်လာ၍ ဒေသခံ တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ကရဝေးဆိပ်နှင့် ဇီးကုန်းရွာတို့တွင် တပ်စွဲကာ လက်နက်ကြီးများပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံ(၃)ဦး ထိမှန်သေ ဆုံးခဲ့ သည်ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
“ပထမက စစ်ကြောင်းထိုးလာတော့ အဲ့ရွာတွေက အကုန်ရှောင်ကြတယ်။ လက်နက်ကြီးပစ်တာ ဈေးသည် လင်မယားနဲ့ရွာသားတစ်ယောက် သေသွားတယ်။ ဇီးကုန်းရွာ လမ်းမပေါ်မှာ တစ်ယောက် ဆိုင်အဝင်ဝမှာ တစ်ယောက် ဘယ်သူမှတော့ သွားပြန်ကြည့်မရဲသေးဘူး။ ဒေသခံတွေက ညတွင်းချင်း မိုးထဲရွာထဲ ပြေးရတော့ လောလောဆယ် လိုအပ်ချက်တွေရှိတာပေါ့” ဟု အဆိုပါဒေသခံက ဆိုသည်။
ထို့အပြင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ ရွာမှပြန်ထွက်ခွာသွားပြီအထင်နှင့် ယမန်နေ့ ဇူလိုင် လ ၁၆ရက်နေ့က ရွာသို့ပြန်လာသောဒေသခံများနှင့် ရွာအတွင်း ပုန်းအောင်းကျန်ရှိနေသော ဒေသခံ အချို့ အား စစ်ကောင်စီ မှ ဖမ်းဆီးခဲပြီးနောက် ညနေပိုင်းတွင် ခြိမ်းခြောက်ပြောဆို၍ပြန်လွှတ်ပေးခဲ့ကြောင်း နယ်ခံများ၏ပြောကြားချက်အရ သိရသည်။
“အခုထိ ကရဝေးဆိပ်တံတားမှာရှိနေကြတုန်းပဲ။ အဲ့ဘက်တောက်လျှောက်ကို အင်အားတိုးချထားတယ်။ အဖမ်းခံထားရလို့ပြန်လွတ်လာတဲ့သူတွေပြောတာ တော်လှန်ရေးအင်အားစုတွေရဲ့စခန်းတွေ အားလုံးကို တက်သိမ်းပြမယ်၊ လမ်းတစ်လျှောက်လုံးအကုန် မိုင်းတွေထောင်ထားမယ် စောင့်ကြည့်နေဆိုပြီး” ဟု အခြားဒေသခံအမျိုးသားတစ်ဦးကကေအိုင်စီသို့ ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ(၁၁)ရက်နေ့ကလည်း စစ်ကောင်စီ၏အမြှောက်တပ်ရင်း (အမတ-၃၁၄) မှ ရွှေရောင်ပြကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်ခဲ့ရာ ရွှေရောင်ပြ ကျေးရွာမှ ဒေသခံ များ၏ နေအိမ်(၂)လုံးထိခိုက်ပျက်စီးခဲ့ရသလို ဇူလိုင်လ(၇)ရက်နေ့က ရွှေရောင်ပြကျေးရွာအတွင်းသို့ ပစ်ခတ် ခဲ့သည့် လက်နက်ကြီးကြောင့် ထိမှန်ဒဏ်ရာရရှိခဲ့သော ဒေသခံ(၆)ဦးအနက် နော်တင်အေးအမည်ရှိ အမျိုးသမီးတစ်ဦးသည် ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ ယမန်နေ့က သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ထို့အတူ စစ်အာဏာသိမ်းမှုနောက်ပိုင်း KNU တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင်အတွင်း စစ်ကောင်စီ ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သား ၃၂ ဦးရှိနေပြီး ထိခိုက် ဒဏ်ရာရရှိသူ ၈၃ ဦးအထိရှိကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ယခုလထုတ်ပြန်ထားသည့် မှတ်တမ်းအရသိရသည်။



















