Home ဆောင်းပါး အကျယ်အကျယ်ဖြစ်လာတဲ့ အိမ်နီးချင်း ဒီမိုကရေစီအရေး

အကျယ်အကျယ်ဖြစ်လာတဲ့ အိမ်နီးချင်း ဒီမိုကရေစီအရေး

899

အကျယ်အကျယ်ဖြစ်လာတဲ့ အိမ်နီးချင်း ဒီမိုကရေစီအရေး

မောင်ကျော်စွာ

(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်)

ကျနော်တို့အရှေ့ဖက် အိမ်နီးချင်း ထိုင်းနိုင်ငံက ဒီမိုကရေစီအရေးဟာ အကျယ်၊အကျယ် မငြိမ်းဖွယ် ဖြစ်လာပါ ပြီ။ ပါလီမန်တွင်း တိုက်ပွဲဆင်ရာကနေ လမ်းမပေါ်ကို တစတစ လျှံကျလာပါပြီ။ ဘယ်အတိုင်းအတာအထိဆက်ပြီး ကျယ်ပြန့်ပြင်းထန်လာမလဲဆိုတာတော့ ခန့်မှန်းဖို့ မလွယ်ကူသေးပါဘူး။

ကနဦးအနေနဲ့ ထိုင်းမြန်မာ နှစ်နိုင်ငံပြည်သူတွေရဲ့ လက်တွေ့ဘဝကနေ ပူပူနွေးနွေးရရှိလိုက်တဲ့ အတွေ့အကြုံ နဲ့ သင်ခန်းစာတချို့ကတော့ အတော်လေး တူညီနေတာကို တွေ့ရပါတယ်။ အဲဒီအထဲက အဓိကနဲ့ ပထမဆုံးအချက်က ဥပဒေဘောင်အတွင်း လှုပ်ရှားမှု (ရွေးကောက်ပွဲ/ပါလီမန်အတွင်း)တစ်ခုတည်းနဲ့ ဒီမိုကရေစီအရေးဟာ ပြည်သူတွေ လိုလားမျှော်လင့်ထားတဲ့ရလဒ်တွေ မရရှိနိုင်ဘူး။ ရရှိဖို့ ဘယ်လိုမှ မလွယ်ကူဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတဲ့အချက် ပါပဲ။

ဒုတိယအချက်ကတော့ အခြေခံဥပဒေ အပါအဝင် အခြားတည်ဆဲဥပဒေတွေနဲ့ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲစနစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတာတွေဟာ အုပ်စိုးသူ တွေ၊ အာဏာကို ချုပ်ကိုင်ထားနိုင်သူတွေရဲ့ လက်ခုပ်ထဲကရေလို သွန်လိုသွန်မှောက်လိုမှောက် ထင်သလို လုပ်ကြံဖန် တီးနိုင်တဲ့ ယန္တရားတွေ၊ လက်တံတွေသာ ဖြစ်နေတယ်ဆိုတဲ့အချက်ပါပဲ။

ပီထာလင်ဂျာရွန်ရတ် (Pita Limjaroenrat) ဦးစီးတဲ့ ရှေ့သို့ချီပါတီ (Move Forward Party) ဟာ လက်ရှိ ရင် ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်သွားမလဲ မသိပါဘူး။ လက်ရှိ သူတို့စုစည်းထားတဲ့ ၈ပါတီ ညွန့် ပေါင်းအဖွဲ့ဟာ ဒီအခြေအနေနဲ့ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ကြမလား သို့တည်းမဟုတ် ကိုယ့်ပြဿနာကိုယ့် ဖာသာ ရင်ဆိုင်ဖြေရှင်းကြဆိုပြီး ကိုယ်လွတ်ရုန်းကြမလားဆိုတာလည်း ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ ပီထာ (Pita)နဲ့ သူ့ပါတီ(MFP)ကို ကန့်သတ်တားမြစ်ပိတ်ပင်ရင် အခြားလူ/အခြားပါတီကိုပြောင်းပြီး အဆိုတင်ကြမလား ဆိုတဲ့နည်းလမ်းကလည်း သူတို့ညွန့်ပေါင်းအတွက် ပွင့်နေကျန်နေပါသေးတယ်။ ဒီလိုမှမဟုတ်ဘဲ ပါလီမန်တိုက်ပွဲကို လမ်းမပေါ်က တိုက်ပွဲနဲ့ ဘယ်အတိုင်းအတာအထိ ပေါင်းစပ်ပေးလာကြမလဲ ဆိုတာ စဉ်းစားစရာပါ။ မြန်မာပြည်မှာ (၁-၂-၂၀၂၁)ရက်နေ့ (စကစ)စစ်အုပ်စုက အာဏာသိမ်းပိုက်ပြီးနောက် ပေါ်ပေါက်လာတဲ့ တစ်ပြည်လုံးပါဝင်တဲ့ လူထုအုံကြွ မှုမျိုး ထိုင်းနိုင်ငံမှာ ပေါ်ပေါက်လာနိုင်သလား စသဖြင့် နှိုင်းယှဉ်စဉ်းစားစရာပါ။ သို့သော်လည်း နှစ်နိုင်ငံပြည်သူတွေရဲ့ စိတ်နေသဘောထားနဲ့ ဖြတ်သန်းကြုံတွေ့ရတဲ့ သမိုင်းနောက်ခံတွေကတော့ မတူခြားနားပါတယ်။

လက်ရှိမြန်မာပြည်မှာလည်း မင်းအောင်လှိုင်တို့ရဲ့ အကြမ်းဖက်(စကစ)စစ်အုပ်စုဟာ ပြည်တွင်းပြည်ပ အကြပ် အတည်းပေါင်းစုံ ဝိုင်းဝိုင်းလည်နေတာပါ။ (စကစ)စစ်အုပ်စုက ကြေညာထားတဲ့ “ရှေ့လုပ်ငန်းစဉ် (၅)ရပ်ရဲ့ထဲက ၁နဲ့ ၅ ဟာ ဖြစ်မြောက်လာဖို့ အင်မတန် ခက်ခဲနေပါတယ်။ ၆လ နှစ်ကြိမ် ရွှေ့ဆိုင်းထားပြီးသည့်တိုင် “အခြေခံဥပဒေ (၂၀၀၈) နဲ့အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး”အတွက် တိုင်းပြည်အခြေအနေက သူတို့ထင်သလို၊ မျှော်လင့်သလို ဖြစ်မလာဘဲ ဆန့်ကျင်ဘက်တွေပဲ တိုးပြီးဖြစ်လာနေပါတယ်။

(၁၃-၇-၂၀၂၃)ရက်နေ့က ကျင်းပခဲ့တဲ့ (စကစ)အစိုးရ အစည်းအဝေးအမှတ်စဉ်(၃/၂၀၂၃) မှာ အရေးပေါ်ကာလ ကို နောက်ထပ်တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ လုံခြုံရေးအခြေအနေတွေ ဟာ အဆိုးဆုံး ရင်ဆိုင်နေရဆဲဖြစ်တယ်ဆိုတာကို မင်းအောင်လှိုင်ကိုယ်တိုင် အတိအလင်း ဝန်ခံထားပါတယ်။

မင်းအောင်လှိုင်က ဟန်ကိုယ်ဖို့ဆိုတဲ့စကားလို သူတို့ရဲ့ “ရှေ့လုပ်ငန်းစဉ် (၅)ရပ်” ဆိုတာကို ပြောနေတာပါ။ တကယ်တော့ အမှတ်စဉ် (၁)ကနေ (၅)အထိ ဘယ်လုပ်ငန်းစဉ်မှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာသေးပါဘူး။

အမှတ်စဉ်(၂)ဖြစ်တဲ့ “ပြည်သူကို ဗဟိုပြုတယ်ဆိုတဲ့ ဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားရေးလုပ်ငန်းတွေ” ဘာမှဖြစ် မြောက်အောင် လုပ်နိုင်စွမ်းမရှိပါဘူး။ နေ့စဉ် သတင်းစာတွေမှာ အလုံးအရင်းနဲ့ ဖမ်းဆီးရမိတယ်လို့ ဖော်ပြနေတဲ့ နယ်စပ်တွေက သွင်းယူလာတဲ့ “တရားမဝင် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်” ဆိုတဲ့အချက်ကပဲ ဒီတိုင်းပြည်ထဲမှာ မှောင်ခိုစီးပွားရေးလုပ်ငန်း ထုနဲ့ထည်နဲ့ ဖြစ်ထွန်းကြီးထွားနေ တယ်ဆိုတာကို ဝန်ခံနေပါတယ်။ ဒါဟာ ဖမ်းမိသလောက် သို့မဟုတ် ဝတ်ကျေတန်းကျေ အဖမ်းပြတဲ့သဘောပါ။ မဖမ်း ဘဲ လွှတ်ပေးလိုက်တာတွေဟာ ဖမ်းမိတာတွေထက် အဆပေါင်းများစွာရှိတယ်ဆိုတာကို ပြည်သူတွေက သိပြီးသားပါ။ ဒီလုပ်ငန်းကပဲ စစ်တပ်နဲ့ဌာနဆိုင်ရာဝန်ထမ်း ထိပ်သီးတွေအတွက် အဓိက ဝင်ငွေရပေါက်ရလမ်း မဟုတ်ပါလား။ ဒီတော့ အကျင့်ပျက်ခြစားမှုဟာ အုံနဲ့ကျင်းနဲ့ ကြီးထွားနေတယ်၊ ကျယ်ပြန့်နေတယ်ဆိုတာ ထင်ရှားပါတယ်။

အခြားတဖက်မှာလည်း မူးယစ်ဆေးဝါး၊ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေနဲ့ မူးယစ်ဆေးချက်လုပ်ရာမှာ သုံးတဲ့ ထိန်းချုပ်ကန့်သတ်ထားတဲ့ ဓာတုဗေဒပစ္စည်းတွေ နေ့စဉ် အဖမ်းပြနေပါတယ်။ ဒါကလည်း မူးယစ်ဆေးဝါးလုပ် ငန်းအကြီးအကျယ် ဖြစ်ထွန်းနေတယ်။ ဒီဘက်မှာလည်း စစ်တပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်း ထိပ်သီးတွေအတွက် အဓိက ဝင်ငွေ ရပေါက်ရလမ်း ဖြစ်မြဲဖြစ်နေတယ်။ အကျင့်ပျက်ခြစားမှုဟာ နေရာတိုင်းမှာ အုံနဲ့ကျင်းနဲ့ ကြီးထွားနေတယ်၊ ကျယ်ပြန့်နေတယ် ဆိုတာကို သိမြင်နားလည်နိုင်စေပါတယ်။

အမှတ်စဉ်(၃)ဖြစ်တဲ့ “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များ” ဆိုတာကတော့ ဘယ်လိုအကောင်အ ထည်ဖော်မှုမှ မရှိတဲ့ လိမ်ညာလှည့်ဖြားထားတဲ့ စကားလုံးသက်သက်တွေသာ ဖြစ်တယ်ဆိုတာကို အားလုံးက သဘော ပေါက်ကြပါတယ်။

ဒီလုပ်ငန်းတွေဆိုတာက ပြည်သူတွေ၊ တိုင်းရင်းသားလူမျိုးစုတွေ တန်းတူရည်တူ၊ စိတ်တူကိုယ်တူ ဆောင်ရွက် နိုင်တဲ့ ရေခံမြေခံရှိမှသာ တကယ်တမ်း အကောင်အထည်ဖော်လို့ ရနိုင်ဖြစ်နိုင်တာမျိုးပါ။ စစ်အုပ်စုက ပေးသနားထား တဲ့ “စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ (ဝါ) ၂၀၀၈အခြေခံဥပဒေဘောင်” ထဲမှာ ဒီလိုကိစ္စတွေ ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး ဆိုတာကို အားလုံးနားလည် သဘောပေါက်ခဲ့ကြပြီးပါပြီ။

အမှတ်စဉ် (၄)ဖြစ်တဲ့ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေး သဘောတူစာချုပ်(NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဆိုတာကလည်း ဆွေးနွေးပွဲအရေအတွက်တွေသာ များပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက် မရှိပါဘူး။ ဒီလိုမရှိကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဆိုသူ ဦးသန်းဆွေက သံတမန်တွေနဲ့ တွေ့ဆုံရှင်းလင်းပွဲတစ်ခုမှာ မျက်နှာပြောင်တိုက်ပြီး အခုလို ဝန်ခံခဲ့ပါတယ်။

“မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ် ၅၀၀၀ကျော် ကျင်းပပြီးခဲ့ပြီ” တဲ့။ ကြည့်ပါ။ သူတို့မှာ အရေအတွက် ကိန်းဂဏန်းတွေကိုသာ ပြူးတူးပြဲတဲပြောဆိုဖော်ပြနေကြပြီး အရည်အသွေးရလဒ်ဘာမှမရှိဘူးဆိုတာကို ဝန်ခံနေတာကို မြင်ကြရတယ် မဟုတ်ပါလား။ (NCA)စာချုပ် လက်မှတ်ထိုးထားကြတဲ့ အဖွဲ့တွေအနက် နိုင်ငံရေး/ စစ်ရေး၊ အထွေထွေ ချိနဲ့အားနည်းသူတွေ၊ ကိုယ်ကျိုးစီးပွားတစ်ခုပဲ မြော်မြင်နေကြသူတွေတချို့ကိုပဲ ဗိုလ်ရာပြည့်က ခေါ်ပြီးထွေလီကာလီတွေ ဆွေးနွေးနိုင်တာပါ။ တကယ်တော့ ပြောတာသွားနားထောင်ကြ၊ အလိုက်သင့်အလျားသင့် ပြန်ပြောကြ၊ ပေးလိုက်တဲ့ စလောင်းတွေ၊ စာအုပ်တွေ ယူပြီးပြန်ကြဆိုတာနဲ့ပဲ သံသရာလည်နေတာပါ။ ဒီလိုမျိုးဆွေး နွေးပွဲတွေ အကြိမ် ၅၀၀၀ကျော် ဖြစ်လာတာနေမှာပါ။

နိဂုံးချုပ်ရရင် ကျနော်တို့ မြန်မာပြည်ဘက်က အတွေ့အကြုံကတော့ စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်အ စိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေကို အကုန်အစင် တိုက်ဖျက်ပစ်ဖို့က ပဓာနအကျဆုံး တာဝန်ပါ။ ဒီပဓာနတာဝန်ကို ပြီးပြတ် အောင် မလုပ်ဆောင်နိုင်သမျှတော့ မြန်မာ့ဒီမိုကရေစီအရေးဟာ ဘာမှ ထူးခြားသစ်လွင်လာလိမ့်မယ် မဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ဖို့ဆိုတာ “စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အကုန်အစင် တိုက်ဖျက်မပစ်နိုင်ဘဲ” ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ထိုင်းနယ်စပ်ကို အမှီပြုကြရတဲ့ ကျနော်တို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေဟာ ထိုင်းနိုင်ငံရေးကိုလည်း လက် လှမ်းမီသလောက် အကဲခတ်ကြရပါတယ်။ နားစွင့်ရပါတယ်။ ထိုင်းအတိုက်အခံအင်အားစုတွေကို စိုးရိမ်မှုတစ်ဝက်နဲ့ မျှော်လင့်အားပေးရပါတယ်။ ဘာလို့လည်းဆိုတော့ ၁၉၈၈ခုနှစ်ကနေ ဒီနေ့အထိ အတွေ့အကြုံအရတော့ ထိုင်းမှာ ဘယ်သူပဲ အာဏာရလာပါစေ မြန်မာအာဏာရတွေနဲ့ ဆက်ဆံပုံက ထူးပြီးပြောင်းလဲမလာတတ်လို့ပါ။ ထိုင်းနိုင်ငံမှာ မြန်မာပြည် အနယ်နယ် အရပ်ရပ်ကနေ အလုပ်မျိုးစုံ လာလုပ်ကြရတဲ့ မြန်မာပြည်သား ပြည်သူတွေအပေါ် မစော်ကား၊ မရက်စက်ရင်ပဲ တော်လှပါပြီ။

ဘယ်ကာလမှာပဲဖြစ်ဖြစ် “အစ်ကိုကြီး-ညီလေး ဆက်ဆံရေး”၊ “မွေးစားအဖေနဲ့ မွေးစားသား ဆက်ဆံရေး”တို့ ကပဲ အဓိက အားကောင်းနေတတ်တာပဲ မဟုတ်ပါလား။ အခန့်မသင့်တဲ့အခါ “နှစ်ဖက် ပဒေသရာဇ်ခေတ်ကာလ ငယ်ကျိုးငယ်နာတွေ”ကို ရေနှူးပြီး အပြန်အလှန် ရန်ထောင်ပြတတ်ကြသေးတယ် မဟုတ်ပါလား။ နောက်တော့ သူတို့ပဲ မဟုတ်သလိုလိုနဲ့ ပြီးတော့လည်း ပြီးသွားကြတတ်ကြပေမယ့် ကြားကပြည်သူတွေမှာ အသွားအလာ၊ အနေအ ထိုင်တွေ ခက်ခဲကြပ်တည်းရပါတယ်။ အထင်သေး နှိမ့်ချစော်ကားတာတွေကို ပုံစံမျိုးစုံနဲ့ တွေ့ကြုံခံစားကြရပါတယ်။

ဒါကြောင့် အကြိမ်ကြိမ် ခဲမှန်ဖူးတဲ့စာသူငယ်လို အတွေ့အကြုံနဲ့ယှဉ်ပြီး ပီထာ(Pita)တို့ ဒီမိုကရေစီအရေးကို သတိနဲ့ အားပေးနေရပါတယ်။