Home သတင်း တနင်္သာရီမြို့နယ်တွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသောကြောင့် စစ်ရှောင်ရသူ များလာ

တနင်္သာရီမြို့နယ်တွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသောကြောင့် စစ်ရှောင်ရသူ များလာ

690

ဇူလိုင်လ၂၀ရက်၊၂၀၂၃ခုနှစ်၊ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသောကြောင့် စစ်ရှောင်ရသူဦးရေ တိုးလာ ကြောင်း စစ်ဘေးရှောင်အနီးကပ် ကူညီသူများကပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် အဆိုပါ တနင်္သာရီမြို့နယ်ထဲတွင် ယခင် ဇူလိုင်လ ၁၅ရက်နေ့မှစတင်ကာ အင်အား ၁၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုများ လုပ်ဆောင်လာပြီး ကျေးရွာများ တွင် လက်နက်ကြီးအထိုင်ချကာ ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်နေသောကြောင့် နယ်မြေခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လာပြီး ဒေသခံပြည်သူများ အနေဖြင့် စစ်ဘေးတိမ်းရှောင် နေရတာဖြစ်ကြောင်း စစ်ဘေးရှောင် အနီးကပ်ကူညီနေသူတစ်ဦးကပြောသည်။

၎င်းက “အခုရက်ပိုင်းမှာတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ အဲ့ဒါကြောင့် ဒီမြို့နယ်ထဲက ရွာ ၅ ရွာ နဲ့ အနီး အနားက ရွာတော်တော်များများ စစ်ရှောင်လာရတယ်။ ပြန်ဖို့လုပ်ရင်လည်း စစ်တပ်က အင်အားဖြည့်တာတွေ တောက်လျောက် လုပ်နေတဲ့အတွက် ပြန်ဖို့အဆင်မပြေဘူး။ အဲ့ဒါကြောင့် တချို့စစ်ရှောင်တွေဆိုရင် ဥယျာဉ်ခြံ တွေမှာ မိုးရွာလည်း တဲထိုးပြီးနေရတယ်။ လက်လှမ်းမမှီတဲ့နေရာတွေက ပိုခက်တာပေါ့။” ဟု ကေအိုင်စီ သို့ပြော သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့မှ ၁၈ ရက်နေ့အထိ ၄ ရက်အတွင်း တိုက်ပွဲပေါင်း(၁၀)ကြိမ် ထက် မနည်းဖြစ်ပေါ်ခဲ့ပြီး ၎င်းတိုက်ပွဲများကြောင့် သိန်းခွန်၊ သဲဖြူနှင့် ချောင်းနှစ်ပေါက်ကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာ ၅ ရွာက ဒေသခံ (၁,၀၀၀) ကျော်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ဆက်ပြောသည်။

ထိုသို့ နယ်မြေအတွင်း စစ်ကောင်စီဘက်မှ ဆက်တိုက် စစ်ကြောင်းထိုးလာခြင်းမှာ နယ်မြေထိန်းချုပ်နိုင်စွမ်း လျှော့နည်းလာသည့်အပေါ် စစ်ကြောင်းကို အရောင်ပြ ဝင်ရောက်ခြင်းသာဖြစ်ကြောင်း နယ်မြေခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

၎င်းက “စကစဘက်က အခုလိုဆက်တိုက် စစ်ကြောင်းထိုးလာတာက သူတို့နယ် မြေထိန်းချုပ်မှုတော်တော်လေး အားနည်းသွားတယ်။ နယ်မြေထိန်းချုပ်မနိုင်တော့တဲ့အတွက် စစ်ကြောင်းတွေကို အရောင်ပြပြီး လုပ်လာတာ ကို တွေ့ရတယ်။ နောက်ပိုင်း သူတို့တွေက မြို့နယ်တွေကိုတောင် မထိန်းချုပ်နိုင်တော့ဘူး။ အဲ့ဒါကြောင့် စစ်ကြောင်း တွေပေါ်လာပြီးတော့ စစ်ရေးလူပ်ရှားမှုတွေ လုပ်လာတာတွေ့ရတယ်။ အရင်ကဆိုဂိတ်စောင့်တယ်။ တချို့ဖြစ်တဲ့ နေရာတွေကို စစ်ကူလိုက်ပြီး စစ်ကြောင်းထိုးတယ်။ အခုကကျတော့ အဲ့လိုမဟုတ်ဘဲ။ သူတို့ ဘက်ကလည်း စစ်ကြောင်းပြန်ထိုးနိုင်တယ်ဆိုတာကို လုပ်ပြနေတာ။”ဟု ကေအိုင်စီ သို့ပြောသည်။

တနင်္သာရီမြို့နယ်တွင် ရက်ရှည်တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသောကြောင့် ဒေသခံများ အနေဖြင့် နေရပ် စွန့်ခွာစစ်ဘေးရှောင်နေကြရပြီး စစ်ရေးတင်းမာမှုရှိသော်လည်း ခရီးသွားများ၏လုံခြုံရေးအတွက် ပိတ်ထား သော ထုံခါ-မောတောင်လမ်းကို ဒီကနေ့ နံနက်တွင် ပြန်ဖွင့်ပေးလိုက်ပြီးဖြစ်ကြောင်းဒေသတွင်း သတင်းမီဒီယာ များ၏ ဖော်ပြချက်များ အရသိရသည်။