ဇူလိုင်၊ ၁၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသတွင် ယမန်နေ့ ဇူလိုင်လ ၁၈ရက်နေ့ကစ၍ မိုးအဆက် မပြတ် ရွာသွန်းပြီး တောင်ကျရေကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ တောင်ဒီကျေးရွာနေ ၃နစ်အရွယ် ကလေးငယ် တစ်ဦး ရေနစ်သေဆုံးပြီး စစ်ရှောင်အချို့လည်း နေရာထပ်မံပြောင်းရွေ့နေထိုင်ရသည်ဟု ဒေသခံထံမှသိရသည်။
အဆိုပါ ရေနစ်သေဆုံးသည့် ၃နှစ်အရွယ်မိန်းကလေးငယ်နန်းအဲမူး သည်၎င်းတို့၏မိဘနှင့်အတူ နေထိုင်သည့် လယ်ထဲရှိ တဲအနီးတွင် ယမန်နေ့ ဇူလိုင်လ ၁၈ရက်နေ့ညနေပိုင်းတွင် ရေထဲသို့ပြုတ်ကျကာ ရေနစ်ခြင်းဖြစ်ပြီး ဒေသခံများဝိုင်းဝန်းရှာဖွေသော်လည်း ယနေ့ နံနက်ပိုင်းအချိန်မှ အလောင်းကို ပြန်လည်တွေ့ရှိသည်ဟု တောင်ဒီ ကျေးရွာဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။
“မနေ့က မိုးကလည်း အဆက်မပြတ်ရွာတော့ တောင်ကျရေကြောင့်လည်းပါတယ်။ တောင်ကျရေက ရေစီး အရမ်းကြမ်းတော့ ကလေးက မိဘတွေ သတိမထားတဲ့အချိန်မှာ ရေနစ်တာ။ ရေစီးကြမ်းတော့ မနေ့က လိုက်ရှာ တာမတွေ့ဘူး။ ဒီမနက်မှ အလောင်းပြန်ပေါ်တယ်”ဟု ကေအိုင်စီသို့ပြောသည်။
ယခုနှစ် တောင်ကျရေသည် ပြီးခဲ့သည့် နှစ်ထက် ရေပိုမိုကြီးကာ ရေစီးသန်သည့်အတွက် ဒေသအတွင်း ရှိလယ်များ၊ မွေးမြူရေးခြံမျာနှင့်၊ ဥယျာဉ်ခြံအချို့ ထိခိုက်ပျက်ဆီးမှုရှိသည်ဟုလည်း ဒေသခံများက ပြောသည်။
ထို့အပြင် အဆိုပါဒေသရှိ ခလယ်-တံခွန်တိုင်နှင့် ပူးလိန်ကျေးရွာအနီးတွင်လည်း တိုက်ပွဲနေ့စဉ်ဖြစ်ပွားကာ ဒေသ ခံ အများအပြား စစ်ရှောင်နေရသည့်အချိန်တွင် ယခုလိုရေကြီးသည့်အတွက် စစ်ရှောင်အချို့သည် နေရာ အခက် အခက်အခဲရှိလာ၍ နေရာထပ်မံပြောင်းရွေနေထိုင်ရသည်ဟု ဒေသခံ စစ်ရှောင်ထံမှသိရသည်။
ဒေသခံ စစ်ရှောင်တစ်ဦးက”စစ်ရှောင်နေရတဲ့အပြင် ရေဘေးပါကြုံနေရတယ်။ လယ်တောစပ်ခိုနားမှာ စစ်ရှောင် နေတဲ့စစ်ရှောင်တွေပြောင်းရွေ့နေကြရတယ်။ နေရာပြောင်းတယ်ဆိုတာက ရွာအပြင်မှာ စစ်ရှောင်တဲ့ သူတွေက ရွာထဲကို ပြန်လာပြောင်းနေရတယ် အဲလိုပေါ့”ဟု ကေအိုင်စီသို့ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ရက်နေ့က စတင်၍ ခလယ်-တံခွန်တိုင်နှင့် ပူးလိမ်ကျေးရွာအနီးတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ပြီး အရပ်သား ၂ဦးထိခိုက်သေဆုံးသည့်အပြင် ဒေသခံ များကိုစစ်ကောင်စီက ပေါ်တာ လိုက်ဖမ်းသည့်အတွက် ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်၊ ပုလိန်၊ နောင်းဒေ့၊ တံခွန် တိုင်ရွာလေး၊ မြို့ဟောင်း၊ ခလယ်ရွာလေးနှင့် ဘုရားငါးဆူ ကျေးရွာနေ ထောင်နှင့်ချီသည့် ဒေသခံများထွက်ပြေးတိမ်းရှောင်ရသည်ဟု ဒေသခံထံမှသိရသည်။
ယမန်နေ့က စ၍ တောင်ကျရေကြောင့် ဒေသအတွင်းရေကြီးရေလျှံမှုဖြစ်သည့်အတွက် နှစ်ဖက် တိုက်ပွဲများ ပြန်လည်ငြိမ်သွားသော်လည်း စစ်ကောင်စီဘက်မှ ဆက်လက် တပ်စွဲနေထိုင်သောကြောင့် အဆိုပါတိုက်ပွဲ ဖြစ်သည့်ကျေးရွာများတွင် သတိနှင့် သွားလာနေထိုင်ရသည်ဟုဒေသခံများကဆိုသည်။



















