Home သတင်း စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုကြောင့် သံတောင်မြောက်ပိုင်းရှိ ဒေသခံနေအိမ်အလုံး (၃၀) ထက် မနည်းပျက်စီး

စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှုကြောင့် သံတောင်မြောက်ပိုင်းရှိ ဒေသခံနေအိမ်အလုံး (၃၀) ထက် မနည်းပျက်စီး

865

ဇူလိုင်လ(၁၉)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်နှင့်ကရင်နီ(ကယား)ပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်မြောက်ပိုင်းရှိ ဝါသောခိုကျေးရွာနှင့် ကလေထ ကျေးရွာတို့တွင် ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းဖြင့် ထပ်မံ ပစ်ခတ်မှုကြောင့် ဝါသောခိုကျေးရွာမှ ဒေသခံများ၏နေအိမ်အလုံး (၃၀)ထက်မနည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း ထိုဒေသခံများထံမှ သိရသည်။

အဆိုပါ လေကြောင်းပစ်ခတ်မှုတွင် ဝါသောခိုကျေးရွာမှနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသော်လည်း ဒေသခံ များမှာ ပထမရက် လေကြောင်းတိုက်ခိုက်မှု ခံရကတည်းက နေအိမ်စွန့်ခွာထွက်ပြေးနေကြ၍ ထိခိုက်မှုမရှိ ကြကြောင်း နယ်ခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“လေယာဥ်လည်းကြဲတယ်။ စစ်တပ်ဘက်က လက်နက်ကြီးနဲ့လည်းပစ်တယ်။ ပျက်စီးသွားတဲ့ အိမ်ခြေ ကတော့ ဝါသောခိုတစ်ရွာတည်းတင် ၃၀ ထက်မနည်းပဲ။ ကလေထရွာဘက်မှာဆိုရင်လည်း လူနေအိမ်တွေ ပျက်စီးကြတယ်။ အပျက်အစီးကတော့ အတိအကျမသိရသေးဘူး ဒီနေ့မနက်ထိ ယာဒိုမှာ တိုက်ပွဲဖြစ် နေတုန်းပဲ” ဟု ၎င်းက ယနေ့ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လ (၁၁) ရက်နေ့က ယာဒိုတွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီ တို့ တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီက ဝါသောခိုနှင့်ယာဒိုကျေးရွာတို့အား ပထမအကြိမ် လေကြောင်းသုံး တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ နံနက်(၄)နာရီခန့်ကလည်း လေကြောင်းဖြင့် ခြောက်ကြိမ်ကြိမ်တိုင်တိုင် ထပ်မံပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက လိပ်သိုဒေသအဝင်အထွက် ဂိတ်များကို ဖြတ်သန်း သွားလာခွင့်မပြုတော့ဘဲ စစ်အင်အားတိုးချဲ့ချထားသဖြင့် စစ်ဘေးရှောင်များအတွက် ပုံမှန်လမ်းမှ အကူ အညီပေးနိုင်ရန် ခဲယဥ်းလာသလို တောလမ်းများမှာလည်း မိုးတွင်းကာလအတွင်း ဖြတ်သန်းသွားလာရ အဆင်မပြေသည်အထိ ပျက်စီးနေသည့်အတွက် အခက်အခဲရှိကြောင်း စစ်ရှောင်ကူဒေသခံတစ်ဦး ယခုလိုပြောသည်။

၎င်းက “လိပ်သိုဂိတ်မှာ စစ်ကား(၅)စီးနဲ့ အပြည့်ပဲ အင်အားလာချထားတာ။ မြို့အဝင်အထွက် ဂိတ်ကို ဘယ်ကားမှဖြတ်ခွင့်မပေးတော့ဘူး။ တောလမ်းတွေကလည်း ကားသွားလို့မရဘူး။ ခုလိုမိုးတွင်းဆို တော်တော်လေးပျက်စီးပြီး လမ်းပိုင်းမကောင်းဘူးလေ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်ထိ သံတောင်ကြီးမြို့မြောက်ပိုင်းတွင် တိုက်ပွဲနှင့်ပစ်ခတ်မှုများ ဆက်လက်ရှိနေ ဆဲဖြစ် သောကြောင့် သောက်ရေခပ်၊ ခဲချောင်းနှင့် မချောင်း အစရှိသည့်ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင် သွားကြသော ဒေသခံများသည် ကယန်းပြည်သစ်တပ်မတော်နှင့် ဒေသခံအချင်းချင်း၏ အကူအညီပေးမှု ရရှိသေးသော်လည်း ကရင်နီပြည်နယ် ဖရူဆိုဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသူများအတွက် အကူအညီ မရရှိသေးကြောင်း စစ်ဘေးရှောင်ကူညီနေသူများမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၂)ထိန်းချုပ်သော တောင်ငူခရိုင်အတွင်းရှိ သံတောင်ကြီး မြို့နယ်တစ်ဝှမ်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲ ဆက်တိုက် ဖြစ်ပွား နေပြီး ဒေသခံပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ရသလို စစ်ကောင်စီမှ စားနပ်ရိက္ခာနှင့်ဆေးဝါး တင်ဆောင်ခွင့် ပိတ်ဆို့ကန့်သတ်မှုကြောင့် စားဝတ်နေရေးကြပ်တည်းပြီး စစ်ဘေးရှောင်အကူအညီရရှိရေး အခက်ကြုံရကြောင်း ဒေသခံလူထုက ပြောဆိုကြသည်။