Home သတင်း မေတ္တာ-ထီးခီးလမ်းပိုင်းတွင် KTLA၏ ခြိမ်းခြောက်စစ်ဆေးမှုများကို လက်ခံ၍မရကြောင်းKNUတုန့်ပြန်

မေတ္တာ-ထီးခီးလမ်းပိုင်းတွင် KTLA၏ ခြိမ်းခြောက်စစ်ဆေးမှုများကို လက်ခံ၍မရကြောင်းKNUတုန့်ပြန်

933
Photo: Kwe Ka Lu News

ဇူလိုင်၊ ၁၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး မေတ္တာ-ထီးခီးလမ်းပိုင်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) နယ်မြေထဲတွင်ဖြစ်သည့်အတွက် သွားလာနေသည့် ပြည်သူများအပေါ် ခွင့်ပြု ချက်မရှိဘဲ ကော်သူးလေအာမီ-KTLAတပ်ဖွဲ့မှ ခြိမ်းခြောက်စစ်ဆေးမှုပြုလုပ်ခြင်းကို လက်ခံ၍ မရကြောင်း ကေအဲန်ယူ ဘက်ကဆိုသည်။

အဆိုပါ လမ်းပိုင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆေးပစ္စည်းသယ်ဆောင်မည့် ကရင်ကျန်းမာရေးဌာနကားကို KTLA တပ်ဖွဲ့ဝင်များက ပစ်ခတ်တားမြစ်ခဲ့သလို သွားလာနေသည့် ပြည်သူကားများကိုလည်း တားဆီး ခြိမ်း ခြောက်မှုများ လုပ်ဆောင်သောကြောင့် ဇူလိုင်လ (၁၅) နေ့တွင် ကေအဲန်ယူ တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၀) နှင့် KTLA တပ်ဖွဲ့ ကြား ပစ်ခတ်တိုက်ခိုက် မှုဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာ ကဆိုသည်။

ပဒိုစောအယ်နာက “ဇူလိုင်လ ၁၂ရက်နေ့တုန်းက ခရိုင်က ကျန်းမာရေးဌာနက မြို့နယ်ကို ဆေးဝါးတွေ ပို့တာကို ကော်လာဖိုးတို့လူတွေက ပေးမသွားဘူး။ ပြီးတော့ ကစယ်ဒိုမြို့နယ်ကျန်းမာရေးတာဝန်ရှိသူတွေ ကားနဲ့ တက် လာတော့ ဘာမှမပြောဘဲ ကားဘီးတွေကိုအကုန်ပစ်ပေါက်လိုက်ပြီး လမ်းပြန်လျှောက်ခိုင်းတယ်။ သူတို့က နယ် မြေရှိတာမဟုတ်ဘူး။ ကေအဲန်ယူနယ်မြေထဲမှာ ဝင်ပြီး လူထုတွေကို ခြိမ်းခြောက်တာ။ လက်နက်အားကိုးပြီး ကားတွေကိုပစ်တာ။ ရွာကကားတွေ ပစ်တာတွေလုပ်တာဟာ ကျနော်တို့ ကေအဲန်ယူ နယ်မြေဖြစ်တာကြောင့် ဒါကိုကျနော်တို့ လက်ခံလို့မရဘူး ” ဟုကေအိုင်စီသို့ပြောသည်။

အဆိုပါလမ်းပိုင်းတွင် နေရာဝင်ယူနေသည့် KTLA တပ်ဖွဲ့ဝင်များကို ကေအဲန်ယူ တပ်မဟာ(၄) KNLA တပ်ရင်း (၁၀)တပ်ဖွဲ့ဝင်များမှ ဇူလိုင်လ (၁၅)ရက်နေ့က သွားရောက်ရှင်းလင်းတိုက်ခိုက်သည့်အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ကာ ဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာရရှိသွားခြင်းရှိကြောင်းလည်း ကေအဲန်ယူ တပ်မဟာ (၄)ဘက်မှဆိုသည်။

သို့သော် အဆိုပါ လမ်းပိုင်းသည် နယ်စပ်စီးပွားရေးလမ်းကြောင်းတစ်ခုဖြစ်သလို နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်များအတွက် ထောက်အကူပြုသည့် စားနပ်ရိက္ခာများ၊ လက်နက်ခဲယမ်းများသယ်ဆောင်ရာတွင် ကေအဲန်ယူ ဘက်မှ သယ်ဆောင်ပေးခြင်းရှိကြောင်း KTLA ဘက်မှ ပြန်လည် စွပ်စွဲပြောဆိုသည်။

Photo: Kwe Ka Lu News

KTLA ဆာကဆောတပ်မ တာဝန်ရှိသူတစ်ဦဖြစ်သည့် စောကွာလာက ” ဒီလမ်းပိုင်းမှာ ကျနော်တို့ရှိတာကို သူတို့က မလိုလားဘူး။ နယ်စပ်စီးပွားရေးလမ်းအဖြစ်သူတို့က ဖွင့်ထားတာ။ နယ်စပ်မှာ ကာစီနိုတွေ၊ Resort တွေဖွင့်ထားတာ အများကြီး။ ပြီးတော့ စီပွားရေးလမ်းမကြီးတစ်ခုအဖြစ်ထားတော့ သူတို့က ဒီလမ်းမှာ တိုက်ပွဲဖြစ်တာမလိုလားဘူး။ ကျနော်တို့ဘက် စဉ်းစားတာက အဲဒီမှာရန်သူရှိရင် တိုက်ပွဲတော့ဖြစ်မှာဘဲ။ ဒီနယ်စပ်မှာ ရန်သူရှိတာကျနော်တို့မလိုလားဘူး။ ” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ KTLA ဘက်မှ အဆိုပါ မေတ္တာ-ထီးခီးလမ်းပိုင်းကို ဇူလိုင်လ (၁၆)ရက်နေ့မှစတင်၍ ဖြတ်သန်း သွား လာခြင်းမပြုလုပ်ကြရန် ထုတ်ပြန်ထားသလို စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် မသင်္ကာစရာ တွေ့ရှိ ပါက ရှင်းလင်းပစ်မည်ဖြစ်ကြောင်းလည်း ကော်သူးလေအာမီ ဆာကဆောတပ်မ မှဇူလိုင်လ (၁၅)ရက်နေ့ ရက်စွဲ ဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။

KTLAကော်သူးလေအာမီတပ်ဖွဲ့ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDOစစ်ဦးစီးချုပ် ရာထူးတာဝန်ရပ်စဲ ခံထားရသည့် စောနယ်ဒါးမြက ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး KNUတပ်မဟာ(၄)ရှိ KNDO တပ်ဖွဲ့ဝင်အချို့မှလည်း KTLAဘက်သို့ ဘက်ပြောင်းသွားခဲ့ပြီး စောကော်လာဖိုး ခေါ် ဗိုလ်အယ်ကွီး ဆိုသူမှ ဦးဆောင်သည်။

KNDOမှတစ်ဆင့် KTLAဘက်သို့ ဘက်ပြောင်းသွားသည့် တနင်္သာရီတိုင်းအခြေစိုက် ဗိုလ်အယ်ကွီးဦးဆောင်သည့် ဆာကဆောတပ်မသည် ထားဝယ်-ထီးခီးလမ်းပေါ်တွင် စစ်ရေးလှုပ်ရှားမှုများရှိသည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အပြင် KNUလက်အောက် ခံတပ်ဖွဲ့ဝင်များနှင့်လည်း မကြာခဏ ထိတွေ့ပစ်ခတ်မှုရှိကြသည်။