ဇူလိုင်လ ၁၇ ရက် ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများနှင့် စစ်ကြောင်းများကို ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ထွေအုပ်ရုံး၊မြေစာရင်းရုံးနှင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ−၅၅၈) ဒုတပ်ရင်းမှူး ဦးစီးစစ်ကြောင်း (၂) အခြေပြုနေသည့် ခုတ်ခွာစစ်စခန်းကို စစ်ကူလာသည့် စစ်ကြောင်း (၁) ၊ ခမရ−၄၃၂ တပ်ရင်းစစ်ကြောင်း (၂) တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့ နှင့် Frderal Wings ဒရုန်းစသည့်ပူးပေါင်းတပ်ဖွဲ့က ဒရုန်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF ၏ ရဲဘော်တစ်ဦးက ယခုလိုပြောသည်။
“သူတို့စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ပိတ်ဆို့ပြီးတော့ချေမှုန်းတယ်ပေါ့နော်။ အဲ့ဒီမှာ စစ်ကောင်စီစစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်။ ဒဏ်ရာအပြင်းထန်ရပြီးတော့ အဲ့ဒီလူတွေကို ပြန်ထမ်းပြီးတော့ ပြန်ဆုတ် သွားတယ်။ သေသွားတဲ့ ၅ ဦးကတော့ မက်ကတော်ရွာနားမှာမြှပ်ခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၄င်းတိုက်ခိုက်မှုများအတွင်း ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ သတင်းထုတ် ပြန်ထား သော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာခြင်းမရှိသေးကြောင်း တွေ့ရသည်။
သို့သော် နှစ်ဖက်တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့်ဗုံးကြဲခြင်း၊လက်နက်ကြီး (၁၂၀မမ)၊ (၆၀မမ)၊(၈၁ မမ)တို့ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် Federal Wings ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း SOF ကဆက်ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်များက ကျေးရွာအတွင်းရှိ ဒေသခံအရပ်သားတစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ ရဲဘော်ဝင်တစ်ဦးက ကေအိုင်စီသို့ ယခုလို ဖြည့်စွက်ပြောသည်။
“အဲ့ဒီနေ့မှာ မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ်ဖြစ်ပြီးတော့ လေကြောင်းကနေ တစ်ကြိမ်လာပြီးပစ်တယ်။ ပြီးတော့ အဲ့မှာပဲ ကျေးရွာက ရွာသားတစ်ဦးကို သူတို့လမ်းပြဆိုပြီးခေါ်သွားတယ်။ ကျနော်တို့သိရသလောက်က ကြာအင်းဆိပ်ကြီး ၂၈၄ စခန်းထိခေါ်သွားတယ်ပေါ့နော်။ အခုထိပြန်လွတ်လာတယ်လို့တော့ သတင်းမကြားရသေးဘူး”ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခလရ−၂၈၃) ၊ခုတ်ခွါးစစ်စခန်း ၊အဘစ်စစ်ကောင်စီဂိတ်နှင့်ခလယ်တံခွန်တိုင်ရဲစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့သေးသည်။
ထို့အတူ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLA၊ အထူးစစ်ဆင် ရေးတပ်ဖွဲ့−SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့ ၊Federal Wings ဒရုန်းစသည့်ပူးပေါင်းတပ်ဖွဲ့သည် မော်လမြိုင်−ရေး−ထားဝယ်−အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လုံခြုံရေးယူ၍ စစ်ဆေးမှုပြုလုပ်နေသည့် တပ်ဖွဲ့များလည်းဖြစ်သည်။



















