ဇူလိုင်လ ၂၂ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းမှ မြို့နယ် ၅ ခုတွင် နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပြည်နယ် စစ် ကောင်စီက ၎င်းတို့အခြေစိုက်ရာ ဖားအံမြို့အနီးတဝိုက်ကိုသာ ဖွံ့ဖြိုးရေး စီမံကိန်းများ၊ တွေ့ဆုံပွဲ အခမ်းအနားများနှင့် လမ်းတံတားဖွင့်ပွဲများသာ နေ့စဥ်လုပ်ဆောင်ပြနေရသည်ဟု ဒေသခံများက ပြောသည်။
စစ်တပ် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း မြို့နယ် ၅ခုတွင် စစ်ကောင်စီနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များတိုက်ပွဲနေ့စဥ် ဖြစ်ပွားနေပြီး ဖားအံမြို့အား လုံခြုံရေးတင်းကြပ်စစ်ဆေးကာ ထိန်းချုပ်ထားနိုင်သည့် အခြေအနေအတွင်း စစ်ကောင်စီခန့် ပြည်နယ် အဆင့် တာဝန်ပေးအပ်ထားသူများဖွံ့ဖြိုးရေးလုပ်ငန်းများနေ့စဥ် လုပ်ပြနေရကြောင်း ဖားအံဒေသခံ တစ်ဦးက ပြောသည်။
၎င်းက “ ဖားအံအစိုးရက ဖားအံတစ်ဝိုက်ရယ်၊ လှိုင်းဘွဲမြို့ပေါ်ရယ်ပဲသွား လာပြနေရတယ်။ လမ်း၊ တံတား၊ ရုံးတွေလိုက်ဖွင့်တယ်။ လူထုတွေ့ဆုံပြီး ဆန်ဝေဆီဝေ ပြတယ်။ အခွန်လွတ်စျေးတွေ ဖွင့်ပြတယ်။ ဒါလောက်ပဲ လုပ်နိုင်တယ်။ အဲ့တော့ပြည်နယ် ဘတ်ဂျက်တွေက ဖားအံနား တစ်ဝိုက်ပဲသုံးနေရသလို ဖြစ်နေတယ်။ ဖွင့်ပွဲတွေ လိုက်လုပ်နေတာ နေတိုင်းတွေ့နေရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ပြည်နယ်စစ်ကောင်စီအနေဖြင့် ပြည်နယ်အတွင်း အခြားမြို့နယ်များတွင် လုပ်ဆောင်နေသည့် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ဖားအံမြို့ အနီးဝန်းကျင်ကိုသာ လုံခြုံရေးတိုးမြှင့် ကာကွယ်နေရသည့်ကိစ္စကို အဓိက ထားလုပ်ဆောင်နေရကြောင်း ဖားအံဒေသခံ အရပ်ဖက်အဖွဲ့ဝင်တစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ပြည်နယ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် နေ့စဥ် လုပ်ဆောင်ရသည့် ရုံးကိစ္စများ မရှိသ လောက်နည်းပါးသည့်အတွက် လူထုစည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အလေးထားလုပ်ဆောင် ဝါဒဖြန့် ရေးကိုသာ နေ့စဥ် လုပ်ဆောင်နေကြရကြောင်း စစ်ကောင်စီ လက်အောက်ခံ ရုံးဝန်ထမ်းနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။
စစ်ကောင်စီဝန်ထမ်း နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က “မနက် ရုံးဝန်ထမ်းတွေ ရုံးသွားတက်ရင် လုပ်စရာက ထွေအုပ်၊ လဝက၊ ရဲနဲ့ ရဲသတင်းပေး လုပ်ငန်းပဲ လည်ပတ်နေရတာရှိတယ်၊ ကျန်တဲ့ ဌာနတွေက ရီပို့တင်ရတာရယ်၊ လုံခြုံရေး စီမံချက်ဘယ်လိုလုပ်ထားတယ်ဆိုတာပဲ သတင်းပို့ရတာ ရှိတယ်။ လူကြီးလမ်းကြောင်းသွားမယ်၊ လာမယ်ဆိုရင် အင်အား ဖြည့်ကူလုပ်ဖို့ ခေါ်တဲ့နေရာ သွားဝိုင်း လုပ်ရတာပဲရှိတယ်”ဟု ပြောသည်။
လက်ရှိ ကရင်ပြည်နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ နှစ်ဖက် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူ ၂ သိန်းကျော်ရှိလာပြီး စစ်ကောင်စီတပ် ပစ်ခတ် တိုက်ခိုက်မှုလုပ်ဆောင်ရာမှ အရပ်သား ထိခိုက် ဒဏ်ရာရသေဆုံးမှု၊ အကြောင်းမဲ့ ဖမ်းဆီးပြီး သတ်ဖြတ် မှုများ ဆက်လက် မြင့်တက်လာနေကြောင်း စစ်ရှောင်အရေး ကူညီနေသူများ ပြောစကား အရ သိရသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇွန်လအတွင်း အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ကလေး ၂ဦးအပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု စစ်ရေးသတင်းအချက်အလက် ထုတ်ပြန်ချက်များအရ သိရသည်။



















